ယောင်္ကျားလေးပဲဖြစ်ဖြစ် မိန်းကလေးပဲဖြစ်ဖြစ် လူတိုင်းမှာတော့အရှက်အကြောက်ဆိုတာရှိတတ်ကြတာပါပဲ။ မိန်းကလေးတွေပဲရှက်ကြောက်တတ်ကြတာမဟုတ်သလို
အရှက်အကြောက်ကြီးတဲ့ယောင်္ကျားလေးတွေလည်းရှိပါတယ်။ အရှက်အကြောက်ကြီးတဲ့ယောင်္ကျားလေးကို သတ္တိမရှိဘူး၊ ငကြောက်လို့သွားပြောလို့မရပါဘူး ဒါကမွေးရာပါပင်ကိုဗီဇကိုး။
သာမန်ယောင်္ကျားလေးတစ်ယောက်အတွက် ကိုယ်နဲ့မသိတဲ့ မိန်းကလေးတစ်ယောက်ကို စကားပြောဖို့ဆိုတာ အရမ်းခက်ခဲတဲ့လုပ်ရပ်မဟုတ်ပေမယ့် အရှက်အကြောက်ကြီးတဲ့ယောင်္ကျားလေးတစ်ယောက်အတွက်ကတော့ အင်မတန်ခက်ခဲပါတယ်။ သူတို့ကို ဘယ်သူကများအာရုံစိုက်နေမလဲ ဘယ်သူကများမျက်စိဒေါက်ထောက်ကြည့်နေမလဲဆိုတာ စိုးရိမ်နေတတ်ကြတဲ့သူမျိုးတွေပါ။ မိန်းကလေးဘက်ကစပြီး မိတ်ဆက်တာမျိုးလုပ်မှပဲ သူတို့နဲ့ စကားပြောဖို့ဖြစ်နိုင်ပါလိမ့်မယ်။
အရှက်အကြောက်ကြီးတဲ့ယောင်္ကျားလေးတွေက မိန်းကလေးတစ်ယောက်ကိုကြိုက်နှစ်သက်တယ်ဆိုရင်တောင် ထိပ်တိုက်ရင်မဆိုင်ရဲကြပါဘူး။ စကားပြောဖို့ဆို ပိုဝေးတာပေါ့။ ကြိုက်နှစ်သက်တဲ့ မိန်းကလေးရဲ့အနားကိုမသွားရဲဘဲ မမြင်ကွယ်ရာကနေ ခိုးကြည့်တာမျိုးလောက်သာ လုပ်လေ့ရှိပြီး ကောင်မလေးက သတိထားမိသွားတဲ့အခါကျမှ သူမဟုတ်သလိုမသိချင်ယောင်ဆောင်နေတတ်ကြသူမျိုးပါ။
အရာရာမှာ ကြောက်တတ်လွန်းသူ၊ စိုးရိမ်မှုကြီးလွန်းသူတွေကလည်း အရှက်အကြောက်ကြီးတဲ့ယောင်္ကျားလေးတွေပါပဲ။ အဆိုးအကောင်းဒွန်တွဲနေတဲ့သဘောတရားကို ဝေဖန်ပိုင်းခြားနိုင်စွမ်းမရှိဘဲ အဆိုးတွေကသူတို့အတွက်ပဲလို့မှတ်ယူပြီး ပူပန်ကြောင့်ကြနေကြသူများဖြစ်ပါတယ်။ ရည်းစားရဖို့သိပ်မခက်ခဲတော့တဲ့ အခုလိုခေတ်ကြီးထဲမှာတောင် ကိုယ်ကြိုက်နှစ်သက်တဲ့မိန်းကလေးကိုဖွင့်ပြောဖို့မ၀ံ့ရဲတဲ့သူတွေပါ။ ဒါ့ကြောင့် အရှက်အကြောက်ကြီးလွန်းတဲ့ယောင်္ကျားလေးတွေနဲ့ ရည်းစားဖြစ်ရင်တော့ သူတို့ရဲ့အပြုအမူ၊ နေပုံထိုင်ပုံ၊ အယူအဆတွေကို တော်တော်နားလည်ပေးနိုင်ဖို့လိုပါလိမ့်မယ်။
Source - Akhayar