မင်္ဂလာပွဲနဲ့ပတ်သက်ပြီးတော့ လူတိုင်းမှာကိုယ်စိတ်ကူးထားတဲ့ပုံစံမျိုးစုံရှိကြမှာပါ။ နယူးယောက်ခ်စီးတီး မှာဆုံတွေ့ခဲ့ကြပြီး
အခုမြောက်ကယ်ရိုလိုင်းနားမှာနေထိုင်လျက်ရှိတဲ့ ရော့စ်နဲ့ ဂျက်ကွယ်လင်း အာရွန်ဆန်တို့ဟာ သူတို့မကြာခဏသွားနေကြဖြစ်တဲ့ ဈေးဝယ်စင်တာအတွင်းမှာ သူတို့ရဲ့စိတ်ကူးယဉ်မင်္ဂလာပွဲကိုဆင်နွှဲခဲ့ကြပါတယ်။
သူတို့တွဲနေတုန်းမှာပဲ ရော့စ်က သူကြိုက်နှစ်သက်တဲ့ ဈေးဝယ်စင်တာတစ်ခုအတွင်းမှာ ဂျက်ကွယ်လင်းကို တင့်တောင်းဖို့ဆုံးဖြတ်ခဲ့တယ်လို့သိရပါတယ်။ ၂၀၁၇ ခုနှစ်ဖေဖော်ဝါရီလမှာတော့ ရော့စ် ဟာ သူ့အိမ်မက်ကိုအကောင်အထည်ဖော်ခဲ့ပြီး သူ့ချစ်သူကို မြောက်ကယ်ရိုလိုင်းနားရှိ ဈေးဝယ်စင်တာတစ်ခုရဲ့ ပန်းအလှဆင်တဲ့နေရာမှာ စေ့စပ်ခွင့်တောင်းခံခဲ့ပါတယ်။ တစ်နှစ်တိတိပြည့်တဲ့အခါမှာတော့ ရော့စ်ဟာ ယခင်နှစ်ကဂျက်ကွယ်လင်းကို စေ့စပ်ခွင့်တောင်းခံခဲ့တဲ့နေရာမှာပဲ လက်ထပ်ခွင့်တောင်းဆိုခဲ့ပြီး ဂျက်ကွယ်လင်းကတော့ ခေါင်းညိတ်ခဲ့ပါတယ်။
Read More: မင်္ဂလာဆောင်အတွက်အခါတော်ပေးသီချင်းနှင့်တီးဝိုင်းပြင်ဆင်မှု
သူတို့ရဲ့ဈေးဝယ်စင်တာအတွင်းက မင်္ဂလာပွဲပုံရိပ်တွေကိုတော့ Digital Spark Weddings ဆိုတဲ့မင်္ဂလာပွဲဓာတ်ပုံရိုက်ကူးမှုဝက်ဘ်ဆိုဒ်တစ်ခုကနေပြီးတော့ ရိုက်ကူးပေးခဲ့ပြီး သူတို့နှစ်ဦးရဲ့မျက်နှာပေါ်က ပကာဿနကင်းတဲ့ ပျော်ရွှင်ခြင်းတွေကို အသက်ဝင်စေခဲ့ပါတယ်။
“ဈေးဝယ်စင်တာအတွင်းက မင်္ဂလာပွဲဓာတ်ပုံရိုက်ကူးမှုဆိုတာ ကျွန်တော်တို့တစ်ခါမှ မလုပ်ဘူးတဲ့ကိစ္စပါ၊ ဒါပေမယ့် ရော့စ် နဲ့ ဂျက်ကွယ်လင်းတို့ သူတို့ရဲ့အကြံအစည်ကို ကျွန်တော်တို့ကိုပြောပြတဲ့အချိန်မှာတော့ ကျွန်တော်တို့တစ်ဖွဲ့လုံးတွန့်ဆုတ်ခြင်းမရှိဘဲ လက်ခံခဲ့ကြပါတယ်။ ဒီမင်္ဂလာပွဲကိုတော့ ဘယ်တော့မှမေ့နိုင်မှာမဟုတ်ပါဘူး” လို့ Digital Spark Studios ရဲ့ ဒါရိုက်တာနဲ့ ရိုက်ကူးရေးပညာရှင် အဒမ်ဆူဝဲလ် က The Independent ၀က်ဘ်ဆိုဒ်ကိုပြောကြားခဲ့ပါတယ်။
“ကျွန်မတို့မကြာခဏသွားဖြစ်နေတဲ့ နေရာတစ်ခုမှာ ကျွန်မတို့စုံတွဲနှစ်ယောက်ရဲ့အချစ်မှတ်တိုင်တစ်ခုကို စိုက်ထူနိုင်ခဲ့ပါတယ်။ ဒီမင်္ဂလာပွဲကျင်းပပြုလုပ်တဲ့နေ့ဟာ အရမ်းကိုထူးခြားတဲ့နေ့တစ်နေ့ဖြစ်ပြီး ဒီဈေးဝယ်စင်တာကတော့ ကျွန်မတို့ဇနီးမောင်နှံနှစ်ယောက်ရဲ့ အချစ်တွေကိုသက်သေတည်နိုင်ခဲ့တဲ့နေရာတစ်ခုလည်းဖြစ်ပါတယ်” လို့သတို့သမီးဖြစ်သူ ဂျက်ကွယ်လင်းက Today Food အစီအစဉ်ကိုပြောကြားခဲ့ပါတယ်။
Source/ Reference/ Photos – The Independent
Author – Nyi Min Khant