" အဘွား ကြီးရေ …..”
အဘိုးရဲ့ အသံကတိုးတိုးလေးဆိုပေမဲ့ အဲ့ဒီ့ အသံတွေမှာ အားအင်တွေ အပြည့်ပါတယ် ။
ကုတင်ပေါ် မှာ လဲလျောင်းနေတဲ့ အဘွားကိုတောင် နိုးသွားစေတယ် ။
အဘွားက မျက်လုံးလေးကို ဖြေးဖြေးလေးဖွင့်ရင်း . . .
"ပြောလေ . . အဘိုးကြီး ကျုပ်ကို ဘာပြောမို့တုန်း "
အဘိုးက ရယ်ကျဲ ကျဲ လုပ်ရင်း ?
ဟိုးး ငယ်ငယ်တုန်းက လို "ချစ်ရေ...” လို့ ခေါ်သင့်တဲ့ အရွယ်တွေ မဟုတ်တော့လို့ မြတ်မြတ် နိုးနိုးနဲ့ အဘွားကြီးရေ လို့ပဲ ခေါ်လိုက်ပါတယ် ကွာ ။
ဇရာ ဆိုတာ တွန်းလှန်လို့ရတဲ့ အရာ မဟုတ်လို့ တစ်ချိန်က မင်းခေါ်ခဲ့တဲ့ဒီ ‘ ကိုကို’ လည်း အဘိုးကြီး တစ်ယောက် ဖြစ်ခဲ့ပြီပေါ့ ။
အဘွားက အဘိုးစကားကို ရယ်သည် ။
" အပိုတွေတော့ ပြောပြီ ဒီ အဘိုးကြီးကတော့ "
ဒါပေမဲ့ အဘွားမျက်နှာမှာ ပီတိကလေး ပြုံးရွှင်လျက် ။
အသက်တွေက ကြီးကြီးလာလို့ အဘွားကြီး ဖြစ်တဲ့ မင်း အရင်လို မလှတော့တာတော့ေ သချာသဗျာ ။
အဘိုးစကား ကြောင့် အဘွားက ထက်လှစွာသော မျက်စောင်းလေး ပစ်ထိုးသည်။
ဟဲ ဟဲ . . . မလှပေမဲ့ အခုထိ ချစ်ဖို့ ကောင်းနေတုန်းပဲ အဘွားကြီးရေ . . .။ (အမှန်တရားပါကွာ . . အမှန်တရားပါ။)
အဘိုးမှာ အလျှောက်ကောင်းလို့ အထောင်းသက်သာသွားသည် ။
ငါ မင်း ကို ရွေးချယ်ခဲ့တာ မင်း လှခဲ့ လို့ မှ မဟုတ်ပဲ ။
မင်းကို ချစ်လွန်းလို့ ကို ရွေးချယ်ခဲ့တာ ။
ချစ်နေရင် ဘာမဆို လှ သွားတာတော့ ငါလည်းမတတ်နိုင်ဘူးလေ။
ပါးရေ နားရေ တွေ တွန့်လာ လို့ ဆံဖြူ သွား ကျိုး လည်း နင်က လှပြီးသား ။
ဘာဖြစ်လို့ လှလဲ ဆိုတော့ ချစ်တာ မို့လို့ ။
အပေါ်ယံတွေထက် နင့်စိတ်ထားလေးကိုတော့ ငါ ပိုပြီး မြတ်နိုးမိတာ သစ္စာတရားပါ။
အရင် မသန်စွမ်းတော့လို့ ဘာ အားငယ်နေစရာ လိုသလဲ ။
အဘိုးကြီး ဖြစ်တဲ့ ငါ . . .နင့်ဘေးမှာ ရှိနေသေးတယ် ဆိုတာ မြဲမြဲ မှတ်ထားပါ။
အခုထိ ငါ့ရဲ့ လက်တစ်စုံက နင့်လက်ကို တွဲပြီး ဖေးမ ထားဖို့ အတွက် အားအင်တွေ လုံလုံလောက်လောက် ကျန်သေးတယ် ဆိုတာ မှတ်ထားပါ။
(ဘယ်သူမှ မလိုပါဘူး အဘွားကြီးရာ . . .နင်သာ ငါ့ရဲ့လက်ကို ခိုင်ခိုင်တွဲထားစမ်းပါ)
အဘိုးက အဘွားရဲ့ လက်ကလေးကို လှမ်းစုပ်ကိုင်ရင်း ဖျစ်ညှစ်လိုက်၏ ။
အသက်က ကြီးကြီးလာတော့ ခံတွင်းက သိပ်မတွေ့တော့ဘူး ဟ . .။
ဖြစ်နိုင်ရင် ဟိုးအရင်က နင် ပြင်ပေးတဲ့ မနက်စာလေး တစ်နပ်လောက်တော့ နေမဝင်ခင်လေး စားသွားချင်မိတယ် ။
အဘိုးရဲ့ စကားကြောင့် အဘွားမှာ စိတ်မကောင်း ။ အခု အချိန်မှာ သူက ကုတင်ပေါ်မှာ လှဲနေရတဲ့ သူ ။
အရင်ကလို စိတ်သွားတိုင်း ကိုယ်ပါလို့ကတော့ ကိုယ့်ခင်ပွန်း ကြိုက်တတ်တာလေးတွေ ချက်ကျွေးပြီးသား။
ဒါပေမဲ့လေ နင်က နေမကောင်းဘူးမလား ။
သက်သက်သာသာလေး နေပါ အဘွားကြီးရယ် ။
ငါ နင့်ဘေးနားကနေ ဘုရားစာလေး ရွတ်ပြနေမယ်။
ဟိုးအရင်က ငါ့ဘေးနားမှာ အမြဲ ရှိပေးနေခဲ့တာတွေ အတွက် သိပ်ကျေးဇူးတင်ပါတယ် ။
အဘွားကြီးရေ . . . ပြုံးထားဟ . . ပြုံးထား။
သွား တွေ မရှိတော့ပေမဲ့ နင်ပြုံးပြတဲ့ နင့်အပြုံးလေးတွေလောက် ဘယ်သူမှ လှအောင် ပြုံးမပြတတ်တာ အမှန်ပဲ ။
အဘိုးစကားကြောင့် မိုနာလီဆာ ရှုံးတဲ့ အပြုံးတစ်ပွင့် အဘွားက ဖန်တီးပေးလိုက်သည်။
" အပိုတွေပြောပြီ အဘိုးကြီးရယ်….”
မပိုပါဘူးကွာ ။ မပိုပါဘူး ။
လိုနေသေးပါ။
နင်က ငါ့အပေါ် သိပ်သစ္စာကြီးတဲ့သူ။
အခု ငါတို့နေဝင်ချိန် ရောက်လာခဲ့ပြီ ။
ငါ့လက်ကို ခိုင်ခိုင်သာ တွဲထားပါ။
မလွတ်ချ လိုက်ပါနဲ့။
နင့်အပေါ်မှာ ငါ့ ချစ်ခြင်းတွေ လုံးဝ မကုန်ခမ်းသေးဘူး။
ငါ့ပုခုံးက နင့်အတွက် ခိုလှုံမှု ပေးနိုင်သေးတယ်။
ငါ့လက်တွေက နင့်ကို ဖေးမလို့ရသေးတယ်။
အဘွားကြီး . . . နင်က ငါ့အချစ်ဆုံးပါ။
ဘဝ တစ်ခုလုံး နေဝင်ချိန်အထိ ငါ့အပေါ် စိတ်မပျက်ဘဲ သစ္စာစောင့်သိခဲ့တာတွေ အတွက် သိပ်ကျေးဇူးတင်တယ် ။
အဘိုးက ဖြည်းဖြည်းချင်း အဘွားရဲ့ နှဖူးလေးကို အနမ်းတစ်ပွင့် ချွေလိုက်သည် ။
အဘွားကလည်း အဘိုးရဲ့ လက်လေးကို ဖျစ်လိုက်သည် ။
အဘွားရဲ့ မျက်ရည်တစ်ချို့နဲ့ အဖိုးရဲ့ မျက်ရည်တစ်ချို့ ဝဲကနဲ ဆင်းကျသွားလေသည် ။
(အများကြီး ချစ်ဖို့ထက် . . တစ်သက်လုံး ချစ်ဖို့က ပိုခက်ခဲပါတယ်)
Credit;htwaelekale