မင်္ဂလာပွဲကို မြက်ခင်းပြင်မှာကျင်းပချင်တယ်ဆိုရင် ဘာတွေသိထားရမလဲ

မင်္ဂလာပွဲကို မြက်ခင်းပြင်မှာကျင်းပချင်တယ်ဆိုရင် ဘာတွေသိထားရမလဲ google.com

စုံတွဲလေးတို့ရေ တစ်သက်မှာတစ်ခါသာဆောင်ရတဲ့ မင်္ဂလာဆောင်ပွဲလေးကို ဘယ်နေရာမှာကျင်းပမယ်စိတ်ကူးထားလဲ၊

ဟိုတယ်၊ မင်္ဂလာဆွမ်းကျွေးလို့ ရမယ့် ဘုန်းကြီးကျောင်း၊ ခန်းမတွေ အပြင် ခုနောက်ပိုင်းမှာ မြက်ခင်းပြင်မှာပါ မင်္ဂလာပွဲလုပ်တာတွေ ရှိလာပါတယ်နော်။ ဒီတော့ ဟိုတယ်၊ ဘုန်းကြီးကျောင်းတွေမှာ ဆောင်ရင် သိထားရမယ့် အချက်တွေ ရှိသလို မြက်ခင်းပြင်မှာ ဆောင်ရင်လည်း သိထားရမယ့် အချက်တွေ ရှိပါတယ်။ ဘယ်လိုအချက်တွေ ဖြစ်မလဲဆိုတာ ဖတ်ကြည့်ရအောင်နော်။

 

ရာသီဥတု

ရာသီဥတုကတော့ မထည့်တွက်လို့ကို မရပါဘူးနော်။ မြက်ခင်းပြင်မှာ ဆောင်မယ့်သူတွေက မိုးဝင်ခါနီး၊ မိုးကုန်ခါနီးတွေမှာ မကျင်းပဘဲ မိုးလုံးဝလွတ်တဲ့အချိန်မှသာ ကျင်းပတာ ပိုစိတ်ချရပါမယ်နော်။ မဟုတ်ရင် မိုးရွာမလား စိတ်ပူနေရမှာပါ။

 

နေရာ

မြက်ခင်းပြင်မှာ ညစာစားပွဲဆိုရင် ပြဿနာ မရှိပေမယ့် မနက်ခင်းပွဲဆိုရင်တော့ နေရာရဲ့ အနေအထားကိုလည်း သတိထားရပါမယ်နော်။ နေပူလား၊ နေပြောက်တွေ များများရှိလား၊ မြက်ခင်းက အရမ်းခြောက်သွေ့လား၊ လေတိုက်တဲ့အခါမှာရော လေပူတွေလား၊ ရေကန်နားနီးရင် လေတိုက်ရင် အေးတယ်လေနော်။ ဒီတော့ ပွဲကိုလာမယ့် ဧည့်သည်တွေ သက်တောင့်သက်သာ ရှိဖို့အတွက် မြက်ခင်းပြင်နေရာ ရွေးတဲ့အခါ သတိထားပေးနော်။

 

အပြင်အဆင်

မြက်ခင်းပြင်မှာ မင်္ဂလာပွဲလေး ကျင်းပမယ်ဆိုရင် ပန်းအပြင်အဆင်ကိုလည်း သေချာလေးဂရုစိုက်ရပါမယ်နော်။ ဟိုတယ်ခန်းမမှာဆိုရင်က အရောင်ကအစ ဟိုတယ်က ခြယ်ထားတဲ့အရောင်ဖြစ်ပြီး ပန်းတွေရဲ့ အရောင်က သေချာမြင်ရမှာ မဟုတ်ဘူးလေ။ မြက်ခင်းပြင်မှာဆိုရင်တော့ ပန်းအပြင်အဆင်က ထင်းထင်းလင်းလင်းကို ဖြစ်နေမှာသေချာပါတယ်။ နောက်ပြီး မြက်ခင်းပြင်ကကျယ်တဲ့အတွက် ပန်းအပြင်အဆင်ကို သေချာလေးစုစုစည်းစည်း လုပ်နိုင်တဲ့သူကိုအပ်ပါ။ ဒါမှ မြက်ခင်းပြင်မှာ ကိုယ့်မင်္ဂလာပွဲလေးကထင်းထင်းလေး ရှိနေမှာပါ။

 

ဧည့်သည်အရေအတွက်

မြက်ခင်းပြင်ရဲ့ အားသာချက်ကတော့ ဧည့်သည်များများ ပိုဆန့်နိုင်တာပါပဲ။ အားလုံးလည်း လွတ်လွတ်လပ်လပ် ပေါ့ပေါ့ပါးပါး ရှိတယ်လို့ ခံစားရမှာပါ။ ဧည့်သည်တွေအတွက် နေရာထိုင်ခင်း စီစဉ်တာကအစ သေချာဖို့ သတိထားပါ။ ခုံတွေ အများကြီး ခင်းထားပြီး လူကျဲရင် မြက်ခင်းပြင်ကြီးထဲမှာ တစ်ကွက်စာလောက်ပဲ လူစုနေတာက အရမ်းမလှဘူးလေနော်။ ဒါကြောင့် ဧည့်သည်အရေအတွက်ကိုလည်း သတိထားပေးပါ။

 

စုံတွဲလေးတို့ရေ မြက်ခင်းပြင်မှာ မင်္ဂလာဆောင်မယ်ဆိုရင် ပြောပြထားတဲ့အချက်လေးတွေ သတိထားပေးနော်။ ဒါမှ ပွဲနေ့မှာ နေရာနဲ့ ပတ်သက်ပြီး စိတ်ညစ်စရာ မဖြစ်မှာပါ။

 

Credit : Marry

Myanmar Wedding Guide

Read times Last modified on Tuesday, 23 April 2019 10:38
Rate this item
(1 Vote)