အိန္ဒိယနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရှေးယခင်က လက်နက်မှောင်ခိုလမ်းကြောင်းများ ရှိထားနှင့်သည်။
လက်နက်ကိုင်အဖွဲ့များ လက်နက်ချကြသောအခါ အဆိုပါ မှောင်ခိုလမ်းကြောင်းများသည် ရွှေကို မှောင်ခိုတင်သွင်းသည့် လမ်းကြောင်း ဖြစ်လာသည်။
မှောင်ခိုလမ်းကြောင်း ကွန်ရက်တွင် ပစ္စည်းသယ်သည့်သူများ အသင့် ရှိထားပြီးသား ဖြစ်သည်။ အချိတ်အဆက်အဆက်အသွယ်များလည်းရှိထားပြီးသား ဖြစ်သည်။
ယခင်က AK27 လက်နက်များ သယ်ပို့ခြင်းအစား ရွှေချောင်းများ သယ်ပို့ပေးရခြင်းသာ ကွာခြားမှု ရှိမည်ဖြစ်သည်။
အိန္ဒိယ မြန်မာ နယ်စပ်ရှိ မိုးရေးမြို့တွင် ရုံးထိုင်ရ သော အင်ဖာအကောက်ခွန်ဌာနမှ ကြီးကြပ်ရေးမှူး ဘီဂျန်ဒို စင်းက
“အခုအခါမှာ မြန်မာနယ်ခြား ကျော်ဖြတ်ပြီး မှောင်ခိုကုန်ကူးတာမှာ ရွှေက အကြီးမားဆုံးပဲ” ဟု အိန္ဒိယတိုင်း သတင်းဌာနကို ပြောပြခဲ့သည်။
သူက “ရွှေသယ်ကြတာမှာ လက်ပြောင်းလက်လွှဲ လုပ်တာ အရမ်းမြန်တယ်” ဟု ပြောပြသည်။ မြန်မာနိုင်ငံမှ ရွှေများ နယ်ခြားကို
ကျော်ဖြတ်ဝင်ရောက်သည်မှာ ဘီစကစ်များနှယ် ဖြစ်နေသည်။ ရွှေတုံးအလေးချိန်မှာ ၁၆၆ ဂ၇မ် ဖြစ်ပြီး အမှတ်အသား ခပ်နှိပ်ထားခြင်း မရှိချေ။
စစ်ကိုင်း၊ ပဲခူး၊ မန္တလေးနှင့် တနင်္သာရီတိုင်းဒေသကြီး လေးခုမှ ရွှေများ ဖြစ်သည်။ ကချင်နှင့် ကရင် ပြည်နယ် နှစ်ခုမှ ရွှေများလည်း ပါဝင်သည်။
မှောင်ခို တင်သွင်းသည့် ရွှေများကို ဖမ်းဆီသိမ်းဆည်းနိုင်ခဲ့သည်များ ရှိသော်လည်း ရာခိုင်နှုန်းအားဖြင့် ဆိုရလျှင် မှောင်ခိုတင်သွင်းသည့်
ရွှေပမာဏ စုစုပေါင်း၏ ၅ မှ ၁၀ ရာခိုင်နှုန်းအထိသာ ရှိမည်ဟု အစိုးရမှ ထုတ်ပြန်သည့် အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထိုနာက် လမ်းကြောင်းနှစ်ခုဖြင့် အိန္ဒိယနိုင်ငံတွင်း သယ်ပို့ကြသည်။ လမ်းကြောင်း တစ်သွယ်မှာ အာသံပြည်နယ် စီချာမြို့ သို့ သယ်ပို့သည်။
နောက်ထပ် လမ်းကြောင်းတစ်ခုမှာ နာဂပြည်နယ် ဒီမှာပူမြို့သို့ သယ်ပို့သည်။ ထို့အတွက် ကားလမ်းကို အသုံးပြုသည်။
ထိုမြို့များမှ ကိုလ်ကာတားမြို့နှင့် နယူးဒေလီမြို့သို့ သယ်ပို့သည်။ ထို့အတွက် ရထားဖြစ်စေ လေယာဉ်ဖြစ်စေ အသုံးပြုကြသည်။
ထိုမြို့နှစ်မြို့မှ အိန္ဒိယနိုင်ငံရှိ အခြားမြို့များသို့ ဖြန့်ချိသည်။
Directorate of Revenue Intelligence (DRI) မှ ဖမ်းဆီးရမိသည့် မှောင်ခိုရွှေများတွင် ကိုလ်ကာတားမြို့၊ မွန်ဘိုင်းမြို့၊ ချန်နိုင်းမြို့နှင့်
နယူးဒေလီမြို့များတွင် ဖမ်းဆီးရမိသည့်ပမာဏ အများဆုံး ဖြစ်သည်။ ရွှေပါဝင်မှု၉၉ ဒသမ ၇၆ ရာခိုင်နှုန်း ရှိသည့် အရည်အသွေးမြင့်
ရွှေချောင်းများကို ဖမ်းဆီးရမိလေ့ရှိသည်။ မြန်မာရွှေများ အိန္ဒိယနိုင်ငံတွင် အ၀ယ်လိုက်သည်မှာ ဈေးသက်သာခြင်းသည့်အကြောင်းတစ်ချက် ဖြစ်သည်။
မြန်မာရွှေသည် ပုံမှန်အားဖြင့် တစ်ဂရမ်လျှင် ရူပီ ၄၀၀ မှ ၅၀၀ အထိ သက်သာသည်။ တရားဝင် တင်သွင်းပါက အကောက်ခွန် ၁၀ % အပြင်
ကုန်ရောင်းခွန် ၃ % ပေးဆောင်ရသည့်အပြင် စာရင်းဇယား စာရွက်စာတမ်းကိစ္စရပ်များ လုပ်ရကိုင်ရသည့်ကရိကထ ရှိသဖြင့်
မှောင်ခိုတင်သွင်းကြသည်။ ဒူဘိုင်း ကဲ့သို့သော အရှေ့အလယ်ပိုင်းဒေသမှ အိန္ဒိယသို့ တင်ပို့သည့် ရွှေများကိုလည်း
မြန်မာနိုင်ငံကို တစ်ဆင့်ခံပြုပြီး မှောင်ခိုလမ်းကြောင်းမှ တင်သွင်းလေ့ ရှိသည်။
မြန်မာနိုင်ငံနှင့် အိန္ဒိယနိုင်ငံတို့ ထိစပ်နေသည့် နယ်နိမိတ်အလျားသည် ၁၆၄၃ ကီလိုမီတာ ရှိသည်။
အိန္ဒိယနိုင်ငံမှ ပြည်နယ် လေးခုနှင့် ထိစပ်နေခြင်း ဖြစ်သည်။ ၎င်းတို့မှာ မဏိပူရ၊ နာဂမြေ၊ မီဇိုရန်နှင့်
အာယုနာချယ် ပရာဒက်ရှ် ပြည်နယ်များ ဖြစ်သည်။ နယ်ခြားကျော်ဖြတ်ရန် ထင်ရှားသည့် လမ်းကြောင်း နှစ်သွယ် ရှိသည်။
သက်တမ်းကြာမြင့်ပြီ ဖြစ်သော လမ်းကြောင်းဖြစ်သည့် တမူး- မိုးရေး - အင်ဖာ ဖြစ်ပြီး မဏိပူရပြည်နယ်တွင် တည်ရှိသည်။
သွားလာရန် ခက်ခဲသော နေရာများရှိပြီး အစောင့်အကြပ်မရှိသည့် လမ်းကြောင်းဖြစ်သည်။ နောက်ထပ်လမ်းကြောင်းမှာ
မီဇိုရန်ပြည်နယ်တွင် တည်ရှိသည့် ဇိုခပ်ထာလမ်းကြောင်း ဖြစ်သည်။ ထိုလမ်းကြောင်းနှစ်ခုသည် တရားဝင် နှင့် တရားမဝင်
ကုန်စည်ပို့ဆောင်မှုများ နှစ်မျိုးစလုံးအတွက် အသုံးများကြသည်။ တမူး-မိုးရေး လမ်းကြောင်းတွင် စစ်ဆေးရေးဂိတ်များ ဖြတ်သန်းရသည်။
မိုးရေးမှ အင်ဖာအထိ အကြမ်းအားဖြင့် ၃၀ ကီလိုမီတာလျှင် စစ်ဆေးရေး ဂိတ်တစ်ခု ရှိနေသည်။
သို့တိုင်အောင် မှောင်ခိုကုန်သည်တို့သည် မိုးရေးလမ်းကြောင်းကို ပိုသုံးကြသည်။
အိန္ဒိယ-မြန်မာနယ်စပ် ကုန်သွယ်ရေးဂိတ်များတွင် အမှတ် ၁ မိုးရေးနယ်စပ်ကုန်သွယ်ရေးဂိတ်သည် အကြီးဆုံးဖြစ်ပြီး
ချင်းပြည်နယ် ရိခေါ ဒါရ်- မီဇိုရမ် ပြည်နယ် အမှတ် ၂ ကုန်သွယ်ရေး ဂိတ်သည် ဒုတိယ အကြီးဆုံးဂိတ်ဖြစ်သည်။
နှစ်နိုင်ငံ သဘောတူညီချက်ဖြင့် ဖွင့်လှစ်ထားသည်။ အထမ်းသမားများသည် နယ်ခံလူမျိုးနွယ်များဖြစ်ပြီး နယ်ခြားကျော်ဖြတ်ရန် ဗီဇာမလိုအပ်ချေ။
ထိုအချက်က မှောင်ခိုကုန်ကူးရန် အထောက်အကူ ဖြစ်နေစေသည်။ မိုးရေးလမ်းကြောင်းမှ ရွှေအပါအဝင် မှောင်ခို ကုန်ကူးသည့် ပမာဏသည်
တစ်နှစ်လျှင် ရူပီ သိန်း ၃၀၀၀ ဝန်းကျင် ရှိမည်ဟု ခန့်မှန်းထားသည်။
GOLD & JEWELLERY BUYING GUIDE