လွန်ခဲ့သော ၁၀နှစ်ခန့်က ဖားကန့်ဒေသမှာရှိတဲ့ လုံးခင်းရွာမှာ နေထိုင်တဲ့
ကိုသူရနဲ့ မွန်ပြည်နယ် သထုံမြို့မှ လုံးခင်းရွာလေးသို့ လာရောက် အလုပ်လုပ်ကိုင်တဲ့ မွန်စပ် တိုင်းရင်းသူ မအိမွန် တို့ အိမ်ထောင်ကြကြတယ်။
ကိုသူရကဆိုရင် ၅နှစ်သားလောက်ကတည်းက မိသားစုလိုက် မိုးညှင်းကနေ ပြောင်းရွေ့လာပြီး လုံးခင်းရွာလေးမှာနေထိုင်ခဲ့သူဖြစ်တာမလို့ အခုဆိုရင် သူအသက်က၂၉နှစ်ထဲ ရောက်နေပြီ။ ကိုသူရနဲ့ အိမွန်ကအိမ်ထောင်သက် ၉နှစ်ခန့်ရှိပြီး သားယောက်ျားလေးတစ်ယောက် ရှိတယ်။။ သားလေးအသက်က အခုဆိုရင်၇ နှစ်ခန့်ရှိနေပြီ။
ကိုသူရနဲ့ အိမွန် အကြောင်းပါပုံကိုပြောရရင်တော့ ကိုသူရနေတဲ့ အိမ်ခြံဝိုင်းထဲမှာ အနိပ်ခန်းတစ်ခုဖွင့်ထားတယ်။ အဲ့ဒီအနိပ်ခန်းမှာ လူလိုနေတာကြောင့် သထုံဘက်က အဆက်အစပ်နဲ့ အိမွန်က လာရောက်လုပ်ကိုင်တယ်။ ကိုသူရနဲ့ အိမွန်က ခြံဝိုင်းတစ်ဝိုင်းထဲမှာအမြဲမြင်တွေ့ ၊ ခင်မင်ရာကတစ်ဆင့် အိုးခြင်းထား အိုးခြင်ထိတဲ့ သဘောလိုပဲ အိမွန်လေးမှာ ကိုသူရရဲ့ ကိုယ်ဝန်ရှိနေတာကြောင့် မယူမဖြစ် ယူရင်းက အိမ်ထောင်ဖက် အကြောင်းပါခဲ့တာပါပဲ။
ကိုသူရနဲ့ အိမွန်က ချစ်ခြင်းမေတ္တာတရားအဖြစ် တည်ဆောက်ထားသော အိမ်ထောင်ပြုခြင်းမဟုတ်ဘဲ သွေးသားအလိုဆန္ဒ ရမ္မက်တွေကြောင့် အမှားတစ်ခုကနေ အိမ်ထောင်ဖက်ဘဝကို မဖြစ်ခြင်းပဲ နှစ်ဦးစလုံးဖြစ်ခဲ့ရတယ်။
ကိုသူရနဲ့အိမွန်ဟာ ကံအကြောင်းပါလို့ အိမ်ထောင်ကြခဲ့ခြင်းဖြစ်ပေမဲ့ အိမ်ထောင်သက်ကြာလာတဲ့အခါ နှစ်ဦးကြားမှာ အချစ်ဆိုတဲ့အရာတွေပေါ်ပေါက်လာတယ်။ တစ်ဦးပေါ် တစ်ဦး နားလည်မှုေတွေကြောင့် မေတ္တာတရားက တစ်ဆင့်ချင်း တစ်ဆင့်ချင်းတိုးနေတာမျိုးပေါ့။
သူတို့လင်မယားရဲ့ အချစ်ကြီးပုံက အခြားသူတွေတောင် အတုယူ အားကျချင်စိတ်ပေါက်အောင် ချစ်ကြတဲ့သူတွေ။ သူတို့ လင်မယားကြားမှာ စကားအကြီးကျယ်များတာတေွ၊ ရန်ဖြစ်တာတွေမရှိပဲ အေးအတူ ပူအမျှ အေးချမ်းတဲ့ဘဝလေးကို ဖြတ်သန်းကြတယ်။
ကိုသူရက ကျောက်ရှာ ရွှေမျှောတိုက် ရတဲ့ အလုပ်ကြမ်းတွေလုပ်ပြီး မိန်းမဖြစ်သူကို မပူရအောင် ရှာဖွေကျွေးမွေးခဲ့တာအိမ်ထောင်သက် ၉နှစ်ထဲ သို့ရောက်ခဲ့ပြီ။ အိမွန်လေးဟာ ဆင်းရဲတဲ့ မိသားစုက မွေးဖွားလာပေမဲ့လည်း ဘာသာတရားကိုင်းရှိုင်းတယ်။ အနေအေးတယ်။ စကားပြောချိုသာတယ်။ ဝတ်ပုံစားပုံကအစ တောသူတစ်ယောက်လို လုံချည် ၊ ထမိန် ရင်ဖုံးလေးတွေပဲ အမြဲဝတ်ဆင်တတ်သလို အခြားမိတ်ကပ် နှုတ်ခမ်းနီ ၊အမွေးအကြိုင် သုံးစွဲခြင်းမရှိ သနပ်ခါးလေးသာ ပါးပေါ်တင်တတ်သူ။
နောက်ပိုင်း ကိုသူရမှာ ကျောက်ရှာမရတဲ့ရက်တွေဆက်လာတော့ အိမ်ရဲ့ စားဖို့သောက်ဖို့ ဝင်ငွေအခက်အခဲတွေက တွေ့လာ ကြုံလာရတယ်။ ကိုသူရနဲ့ မအိမွန် တို့ရဲ့ သုံးစွဲရေး ခက်လာတဲ့အချိန်မှာပဲ အခွင့်အလမ်းတစ်ခုပေါ်လာတယ်။ အဲဒီအခွင့်အလမ်းကတော့ အိမွန်ကို မြေစာပုံမှာ ဂလုံး ဂလုံး (လောင်းကစားခုံ)အန်စာတုံးခုံ လိုက်လုပ်ရန် လောင်ကစားခုံပိုင်ရှင်က ကမ်းလှမ်းလာတယ်။
ယောက်ျားဖြစ်တဲ့သူက မိန်းမဖြစ်သူကို မလုပ်စေချင်ဘူး။ဒါပေမဲ့ လက်ရှိအခြေနေအရ မလုပ်လို့ မဖြစ် ၊ လုပ်မှ စားရေးသောက်ရေးအဆင်ပြေမယ်လို့တွေးပြီး မိန်မဖြစ်သူကို လောင်းကစားခုံမှာ လိုက်လုပ်ခိုင်းလိုက်တယ်။ မအိမွန်လေးက လောင်ကစားခုံမှာ တစ်နေ့ကို ၁၀၀၀၀သတ်မှတ်ကြေးအဖြစ် ရတယ်။ တစ်ခါတစ်လေ နေ့ဖက်ပဲလုပ်ရတဲ့အခါရှိသလို တစ်ခါတစ်လေ ညလုံးပေါက်လုပ်ရတာလည်း ရှိတယ်။ လောင်ကစားခုံတွေက ကျောက်စိမ်းရှာတဲ့ စွန်ပစ်မြေစာပုံအနီးမှာပဲ ရှိတာ။ အဲ့ဒီနေရာတွေက ဈေးဆိုင် တွေ ၊ယာယီတဲတွေ၊ လောင်ကစားခုံတွေ ၊ကျောက်ဝယ်လောပန်းတွေ ကျောက်ရှာသူတွေနဲ့ နေ့ ည မပျက် ဈေးပွဲတန်းတစ်ခုလို အလွန်ကို စည်ကားတဲ့နေရာတွေ။
အိမွန်လေးက နေ့စားခ ၁သောင်းအပြင် လောပန်းများ ဂလုံ ဂလုံ လောင်းကစားခုံ လာဆော့ကစားရင်း နိုင်သွားသူတွေက မုန့်ဖိုးပေးသွားတာတွေရှိတော့ အောက်ဆိုဒ်မန်းနီးတွေကြောင့် တစ်နေ့ကို ၃သောင်းအထက် ပုံမှန်ရလာတယ်။
အိမွန်လေး လောင်းကစားခုံမှာလုပ်ကိုင်လာတာ ၄လခန့်ရှိတဲ့အခါမှာ အိမွန်နဲ့ ကိုသူရတို့ ရွေတွဲလွဲ ငွေတွဲလွဲဖြစ်လာပြီး စီးပွာရေး အဆင်ပြေစပြုလာတယ်။
ကိုသူရက ဆိုင်ကယ် အစုပ်ကိုရောင်ပြီး ဆိုကယ်အသစ် kenbo 125 အသစ်၅သိန်းခွဲတန် ဝယ်စီးနိုင်သွားတယ်။( ရွှေဈေးတစ်ကျပ်သား ၇သိန်းခန့် ကာလပေါက်ဈေးရှိတဲ့အချိန်ပေါ့)
လင်နဲ့မယားက စီးပွားလေးဖြစ်လာတော့ အရောင်တွေပြောင်းလာခဲ့တယ် ။အိမွန်လဲ ရိုးရိုးဝတ်ပုံ နေပုံကနေ အတိုအပြတ်တွေနဲ့အတူ မိတ်ကပ်တွေ ပါးမှာအပ်လာခဲ့ပြီ။ နှုတ်ခါးနီ ပါးနီတွေ သုံးတတ်လာပြီ။ ယောက်ျားဖြစ်သူက မိန်းမဖြစ်သူကို အလှအပ၊ အဝတ်အစားပုံစံတွေ ပြောင်းလို့ ပြောရင်လဲ စီးပွားရေးအရပါ ယောက်ျားရယ် လို့ပဲ အမြဲပြောနေတတ်တယ်။
တစ်နေ့မှာ ကိုသူရ သူငယ်ချင်းတစ်ယောက်က ကိုသူရကို စကားလာပြောတယ်။
“သူရရေ မင်းမိန်မ ကြည့်ထိန်းအုံးနော် ငါမျက်စိထဲ အမြင်မတင့်တယ်ဘူး။ မြေစာပုံက ကျောက်ရှာရေမဆေး လောပန်းတွေနဲ့ ပြောတာ ဆိုတာ ငါမျက်လုံးထဲ အဆင်မပြေဘူး မင်းသွားကြည့်အုံး” လို့ ပြောလာတယ်
ကိုသူရလဲ မိန်းမဖြစ်သူကို သဝန်တိုစိတ်ဖြစ်ပြီး ညဘက် ၁၀နာရီခန့် ကို ကျောက်ရှာမြေစာပုံ လောင်းကစားခုံကို ချက်ချင်းလိုက်သွားတယ်။ ကိုသူရက လောင်းကစားခုံမှာ မိန်းမဖြစ်သူ မသိအောင် အဝေးကနေ အကဲခတ်ကြည့်တယ် ။ ကိုသူရ နာရီဝက်ခန့် ကြည့်နေတဲ့အချိန်မှာပဲ ရေမဆေးကျောက်ရှာတဲ့အဖွဲ့တစ်ဖွဲ့က ကောင်လေးတစ်ယောက်က မိန်းမဖြစ်သူကို ဟိုထိ ဒီထိလုပ်တာ မြင်တွေ့လိုက်ရတယ်။ ကိုသူရလဲ စိတ်မထိန်းနိုင်ပဲ အဲ့ဒီကလေးကို ထိုးလိုက်ပြီး ရန်ပွဲစဖြစ်တော့တယ်။ရန်ပွဲပြီးတော့ မိန်းမဖြစ်သူကို အိမ်ခေါ်လာပြီး သဝန်တိုစိတ်နဲ့အတူ ဒေါသကြီးစွာ ရိုက်ပါတော့တယ်။ မိန်းမဖြစ်သူလဲ ယောက်ျားဖြစ်သူကို အကြီးအကျယ်စိတ်ဆိုးပြီး နောက်ရက်မှာပဲ ယောက်ျားနဲ့ကလေးကို ထားပြီး မွန်ပြည်နယ် သထုံကို ပြန်သွားခဲ့တယ်။(အိမ်ထောင်ရေးတစ်ခုမှာ စီးပွားရေးလေးများ ထူးခြားစွာ အဆင်ပြေလာရင် ကံဆိုးသောအရာ အဖျက်နောက်က ပါလာတတ်တယ်။ အဆိုးနဲ့အကောင်းကို တိုင်တိုင်ပင်ပင် နားလည်လက်ခံစွာ ဖြေရှင်းကြပါရန်)အိမွန်လေးနဲ့ ကိုသူရ ၂လခန့် ကွဲနေခဲ့တယ်။
ကိုသူရကဖုန်းဆက်ပြီး ပြန်ခေါ်ပေမဲ့လည်း တစ်သက်လုံးပြန်မလာတော့ဘူးလို့ အိမွန်က ခါးခါးသီးသီး ပြောတယ်။
ကိုသူရလဲ ဘယ်လိုမှ ခေါ်မရတဲ့ အဆုံး မြေစာပုံဈေးဆိုင်တဲက မိုးညှင်းသူ ရှမ်းမလေးကို ကောက်ယူလိုက်ပါတယ်။
ကိုသူရ နောက်ထပ်အိမ်ထောင်တစ်ဆက်ထပ်ကျသွားတော့ သားဖြစ်သူကိုတော့ သူရဲ့ မိဘတွေဆီမှာ ထားပြီး ရှမ်းမနဲ့ ပေါင်းဖက်နေ တော့တယ်။
အိမွန်လဲ ယောက်ျားဖြစ်သူ အိမ်ထောင်ပြုပြီလို့ ကြားပြီးနောက်ပိုင်း ယိုဒယား(ထိုင်းနိုင်ငံ)သို့ သွားရောက် အလုပ်လုပ်ကိုင်ပြီး အဲ့မှာပဲနေထိုင်သွားပါတယ်။
သားဖြစ်သူနဲ့ ယောက်ျားဖြစ်သူကို လုံးဝ အဆက်သွယ် မလုပ်တော့တဲ့အတွက် မုန်းတီးစိတ် ၊နာကြီးစိတ်က အရိုးထဲထိအောင် ဝင်သွားတယ်လိုပဲ ထင်မိတယ်။။ (9နှစ်လောက် တည်ဆောက်ထားတဲ့ အိမ်ထောင်ရေး ကွဲချိန်တန်တော့ တစ်ခါလေးရိုက်ယုံ ရန်ဖြစ်ယုံနဲ့ တစ်ဘဝလုံး ကွဲပါပြီ ။ ကျွဲနှစ်ကောင် ခပ်တဲ့ကြား မြေစာပင်က တန်ဆာခံ။ မိဘနှစ်ဦးကြား သားဖြစ်သူက တန်ဆာခံဖြစ်ခဲ့ရပြီ။ သတိလက်လွှတ် ဒေါသဖြစ်ခြင်းက အဆိုးဘက်ကိုသာ ဦးတည်တယ်။) ရှမ်းမလေးကလဲ သူယောက်ျားမှာ အရင်မိန်းမရှိမှန်းသိထားပေမဲ့ သဘောတူ ကြည်ဖြူပြီးလက်ခံ ပေါင်းဖက်တယ်။
ကိုသူရလဲ ရှမ်းမနဲ့ ရပြီး ၃လအခန့်အကြာ၂၀၁၈ခုနှစ် မိုးတွင်းအချိန်ခါမှာ လုံးခင်းရွာနောက်က ထွန်းတောက်ဆီဆိုင်အနီး မှာရှိတဲ့ မြဥယှဉ် ကျောက်စိမ်းဖော်ထုတ်လုပ်ကွက် ခေါင်းပေါင်းမြေစာအနီးကနေ အရေခွံကျောက်တစ်လုံး ကောက်ရခဲ့တယ်။ ရေမဆေးကျောက်ရှာသူတွေ ထောင်ချီ သောင်းချီ ခြေလှမ်းပေါင်းများစွာ သွားထားတဲ့ လမ်းလေးကရတဲ့ ကိုသူရရဲ့ကျောက်က အလွန်ထူးဆန်းတယ်။ သူမြင်တွေ့တုန်းက ငါးပြားစိခန့် အရွယ်လေးကို မြင်တွ့တာက နေ ဖော်ကြည့်လိုက်တဲ့အခါမှာ ကျောက်က ၃ပိသာခန့်အရွယ်ဖြစ်နေတယ်။ အဲ့ဒီကျောက်ကို ရောင်းတဲ့အခါ သိန်းသုံးရာ ငါးဆယ်ရခဲ့တယ်။ အဲ့ဒီကျောက်အမျိုးးအစားက အရေခွံကျွတ်သဖွယ်ဖြစ်နေပြီး ယမ်းခေါင်းမဲတယ်။ မီးထိုးတဲ့အခါ အလင်းအားကောင်းတာမလို့ မီးပေါက်လှသော အဖိုးတန်ကျောက်ဖြစ်နေတယ်။ ( အိမွန်လေးနဲ့ ကွဲပြီးမှ ကိုသူရ ကျောက်ရခြင်းက အိမွန်လေး ကံကပဲညံ့လို့လား? နောက်မိန်းဖြစ်တဲ့ ရှမ်းမရဲ့ ကံကပဲကောင်းလေသလား? ရချိန်တန်လို့ ရတာလား ? အဖြေကိုတိတိကျကျ အဖြေထွက်အောင် စာရေးသူကိုယ်တိုင် မတွေးတတ်ပါ)
ထိုကျောက်ကို ဝယ်သွားသော ပိုင်ရှင်မှာတော့ ကျောက်ကိုပြန်ရောင်းတဲ့အခါမှာသိန်းတစ်ထောင့်ရှစ်ရာ ရခဲ့ပါတယ်။
ကျောက်စိမ်းမြင့်မိုရ်-လုံးခင်း(kyauksein.com)
ကျောက်စိမ်းအကြောင်းများ ဖတ်ရှုချင်ရင်