လောပန်းမသိအောင် ကျောက်ခိုးရောင်းတဲ့ ရေမဆေးသမားလေးရဲ့ အဖြစ်

လောပန်းမသိအောင် ကျောက်ခိုးရောင်းတဲ့ ရေမဆေးသမားလေးရဲ့ အဖြစ် Kyauk Sein

လွန်ခဲ့တဲ့ ၁၄နှစ်ခန့်က မိုးကောင်းမြို့မှာ နေထိုင်တဲ့ မိသားစု (၃)ယောက်ရှိတယ်။ အဲ့ဒီမိသားစုက လယ်ယာစပါးစိုက်ပျိုးရေးကို အဓိကထားလုပ်ကိုင်ရုံသာမက စပါးကြိတ်ခွဲစက်လည်းရှိတာမလို့ စပါးကြိတ်တဲ့အလုပ်ကိုပါ လုပ်ကိုင်ပါတယ်။

 

သူတို့ မိသားစုမှာ တအားဆိုးလွန်းတဲ့ သားတစ်ယောက်ရှိတယ်။ဆိုးလွန်တဲ့လူငယ်လေးရဲ့နာမည်က *မောင်နေမင်း*တဲ့ ။ မောင်နေမင်းရဲ့အဖေဖြစ်သူ ဦးအုန်းမောင်တို့ မိသားစုက မျိုးရိုးစဉ်ဆက် အမွေအနှစ်တွေနဲ့ ချမ်းသာတဲ့ လူဂုဏ်တန်အသိုင်းအဝိုင်းကပါ။ သားဖြစ်သူ မောင်နေမင်းက မိဘအလုပ်ကို ဘာဆိုဘာမှ မလုပ်တဲ့အပြင် အမေဖြစ်သူ ဒေါ်ခင်မြင့်ဆီက လိုသမျှငွေ လက်ဖြန့်တောင်းယုံပါပဲ။ အိမ်ကငွေတွေနဲ့ အရက်သောက် ၊ ဖဲရိုက် ရန်ဖြစ်လိုက်နဲ့သာ အချိန်ကုန်ခဲ့တာ ယခုဆို နေမင်း*အသက် ၂၅နှစ်ရောက်ထဲရောက်ခဲ့ပါပြီ။နေမင်းက တစ်ဦးတည်းသောသားဆိုတော့ မိဘတွေကလည်း အပြစ်မမြင်ဘ‌ဲ အလိုလိုက်မြဲ လိုက်နေဆဲ။ မောင်နေမင်း ရန်ဖြစ်လို့ မိဘက ငွေထုတ်ပိုက်ပြီး လိုက်ရှင်းရတဲ့ ရန်ပွဲပေါင်များစွာကြောင့် ငွေလည်းတော်တော်ကိုကုန်ခဲ့ပြီ။ မောင်နေမင်းက မိဘတွေ ငွေရှိလို့ သုံးနိုင်ဖြုန်းနိုင်တော့ သူအနားမှာ ကပ်ဖား ၊ ကပ်စား သူငယ်ချင်းတွေကလည်း မနည်းဘူးပေါ့။ တစ်နေ့မှာတော့ မောင်နေမင်းက ရန်ပွဲအကြီးအကျယ်ဖြစ်တယ် ။

 

မောင်နေမင်းရိုက်လိုက်တဲ့ လူက သေလား ၊ ရှင်လားမသိခင်မှာပဲ နေမင်းဟာ ဖားကန့်ကို ထွက်ပြေးသွားခဲ့တယ်။( မောင်နေမင်းရိုက်ခဲ့သူကို မိဘတွေက ရွှေငါးကျပ်သားတန်ဖိုးခန့် လျှော်ကြေးပေးလိုက်ရတယ် ။လူကတော့ သွေးထွက်သံယိုဖြစ်ယုံကလွဲပြီး အခြားအသက်အန္တရာယ်တော့ မရှိခဲ့ပါ ။မောင်နေမင်းဘယ်ကိုထွက်ပြေးလဲဆိုတာ မောင်နေမင်းမိဘတွေလည်း မသိ။မောင်နေမင်းကလည်း သူရိုက်ခဲ့သောလူ သေပြီအထင်နဲ့ ကြောက်လန့်ကာ ချက်ခြင်းပြေးခဲ့တယ်ထင်ပါတယ် ။ ရန်ဖြစ်တဲ့အချိန်ကတော့ နေ့လည်ခင်းပါလေ။) မောင်နေမင်းက သူနဲ့တစ်မြို့ထဲ မိုးကောင်းမြို့က သူငယ်ချင်းဖြစ်သူ မောင်မိုးအောင်နဲ့ ဖားကန့်မြို့ ၊ နမ္မဖြစ်ရွာမှာ နေထိုင်တယ်။ မောင်မိုးအောင်က လောပန်းဆီမှာ လိုသမျှငွေ ထုတ်ယူပြီး လောပန်းရေးမဆေးအဖြစ် အခန်းငှားနေသူပါ။ မောင်မိုးအောင်အတွက် လိုအပ်တာမှန်သမျှကို မှော်ဆီစာမှ လောပန်းဦးမြင့်မြတ်က ထုတ်ပေးတယ်။ မောင်မိုးအောင် ကျောက်ရှာလို့ ရလာသမျှ ကျောက်ရဲ့ တန်ဖိုးတစ်ဝက်ကို လောပန်းကိုပြန်ခွဲပေးရတဲ့ လောပန်းရေမဆေး တစ်ဝက်စားအဖြစ်လုပ်ကိုင်ပါတယ်။ မောင်မိုးအောင်ကျောက်ရှာနေတာ ၃နှစ်ခန့်ရှိပါပြီ ။

 

သိန်းရာကျောက်တွေမပါပေမဲ့ ဆယ်ကြီးပိုင်းအထိ ခဏ၊ ခဏရဖူးတော့ လောပန်းက ကံစပ်တယ်၊ မောင်မိုးအောင်တော်တယ် ဆိုကာ စီးပွားရေးအလိုရ အမြတ်ကိုကြည့်ပြီး မောင်မိုးအောင်လိုသမျှကို လောပန်းက ထောက်ပံ့ပေးထားတယ်။ မောင်မိုးအောင်သူငယ်ချင်း နေမင်းရောက်လာတဲ့အခါ သူနဲ့တစ်မြို့ထဲနေကြောင်း၊သူကိုယ်ပါ ရေမဆေးမွေးပါလို့ လောပန်းကို ပြောကာ လောပန်းဦးမြင့်မြတ်ရဲ့ ခွင့်ပြုချက်နဲ့ အတူ နေထိုင်ကြတယ်။ မောင်နေမင်းက ကျောက်ကိုသာမရှာဖူးတာ မိုးကောင်းမြို့မှာ ကျောက်စိမ်းဝိုင်းတွေရှိတာကြောင့် ကျောက်စိမ်းကောင်းများရဲ့ အသွင်အပြင်နဲ့ ကျောက်သားကောင်းများကို နည်းနည်း သိနေတဲ့သူပါ။ မောင်နေမင်းနဲ့ မောင်မိုးအောင် ကျောက်ရှာခဲ့တာ အချိန်အားဖြင့် ၄လခန့်ကြာတဲ့အခါ မှော်ဆီစာ* စူပါစိမ်း*ကျောက်စိမ်းတူးဖော်ရေးကုမ္ပဏီ စွန့်ပစ်ထားတဲ့ မြေစာပုံကနေ အရေပါသော အသစ်ဆန်းတစ်လုံးရပါပြီ။ ( မောင်နေမင်း မှော်သို့ရောက်ပြီးမှ မိုးကောင်းကအခြေနေများအား အဆင်ပြေသွားကြောင်းပြန်ကြားရပါသည်။ ဒါပေမဲ့ မိုးကောင်းသို့ မပြန်ပဲ မှော်မှာပဲ ပျော်နေခြင်းကြောင့် ဆက်လျှက်နေထိုင်ကာ ကျောက်ရှာဖွေ‌နေခြင်းဖြစ်သည်) မောင်နေမင်းလည်း မောင်မိုးအောင်ကို ကျောက်ရတဲ့ အကြောင်းမပြောပဲ နမ္မဖြစ်ကအခန်းကို တစ်ယောက်ထဲပြန်လာခဲ့တယ်။ မောင်နေမင်းက အခန်းမှာ တစ်ယောက်ထဲ ရေဇလားခွက်နဲ့ ကျောက်ကို ဆေးပါပြီ။

 

မောင်နေမင်းက စွန့်ပစ်မြေစာပုံမှာ ကျောက်ရတဲ့အချိန်ကတည်းက ကျောက်ကကောင်းမှန်း သိနေတယ်။မြေစာပုံမှာ နေမင်းကျောက်ရစဉ်က ကျောက်အခွံက ချောကွာပြီး *အရေ *နေရာကို မြင်တွေ့ရတဲ့အပြင် ကျောက်အရေလှနေတာကြောင့် သူမှာပါတဲ့ ကျောက်ကြည့်ပစ္စည်းဖြစ်တဲ့ ကာပြင်သံပြားနဲ့ နေကွယ်ထောင်ကြည့်တဲ့အခါမှာ ကျောက်သားပါမြင့်နေကြောင်းသိလို့ ချက်ချင်း အခန်းကို ပြန်ခဲ့ခြင်းဖြစ်သည်။

(မှတ်ချက် ။ ။ ထိုအချိန်က ကျောက်ကြည့်ဓာတ်မီးများမပေါ်သောအချိန်ဖြစ်၍ ကျောက်ကြည့်တဲ့အခါ အဆင်ပြေသော နေကွယ်ကြည့် ကျောက်ကြည့် ကာပြင်သံပြားလေးနဲ့သာ ကျောက်ရှာသူတိုင်း အသုံးများသောအချိန်ကာလပါ။)

 

မောင်နေမင်း ကျောက်ကိုဆေးတဲ့အခါ ရာကြီးထောင်ကျောက်၊ အောင်ကျောက်ဖြစ်နေပြီဆိုတာ သူသိလိုက်ပါပြီ။ မောင်နေမင်းလည်း မှော်ဆီစာမှ သူ့အသိလောပန်းကို ချက်ချင်းသွားရောင်းလိုက်တယ်။ကျောက်ကို သိန်း၃ထောင်နဲ့ဈေးခေါ်ပြီး သိန်း၅၀၀ရာနဲ့ အရောင်းအဝယ်ဖြစ်သွားတယ်။ မောင်နေမင်းကို မှော်ဆီစာကျောက်ဝယ်လောပန်းမှ ငွေသားအကုန်ချေစရာမရှိလို့ သိန်း၃၅၀ကိုသာ ပေးပြီး ကျန်သော သိန်း ၁၅၀အား မနက်ဖြန်မှ လာယူရန်ပြောပါတယ်။မောင်နေမင်းလဲ လက်ခံသဘောတူလိုက်တယ်။မောင်နေမင်းက သူ့ကိုမွေးသောရေမဆေးလောပန်းဆီ ကျောက်အပ်လျှင် သူ့အတွက် ငွေအရနည်းမယ် ထင်ပြီး ကျောက်တန်ဖိုးကိုတစ်ယောက်ထဲ ပိုင်ချင်တာကြောင့် လောပန်းတို့မသိအောင် ချက်ချင်းရောင်းခြင်းသာဖြစ်သည်။ မောင်နေမင်းလည်း မောင်မိုးအောင်မပြန်ခင်အခန်းကိုပြန်ပြီး ရလာတဲ့ငွေတွေကို အိမ်အခန်းရဲ့ အောက်ခြေမှာ ဆာလာအိပ်တွေနဲ့ ထည့်ထားတယ်။ မောင်မိုးအောင်ပြန်လာပါပြီ ။ မြေစာပုံကြားမှာ မောင်နေမင်းကို လူအများကြားမှာတစ်ကျော်ကျော်အော်ခေါ်ပေမဲ့ နောက်ဆုံးထူးသံမကြား ၊မောင်နေမင်းအရိပ်အရောင်မတွေ့လို့ ညနေပိုင်း ကျောက်ရှာနားချိန်မှာ အခန်းကို ပြန်ခဲ့တယ်။

 

မိုးအောင် အခန်းကို ရောက်တဲ့အခါ နေမင်းအား ဘာလိုသူကို မစောင့်ပဲ ပြန်သွားသလဲ လို့ မေးတဲ့အခါ မောင်နေမင်းက ခေါင်းတွေတအားကိုက်ပြီး နေမကောင်းချင်သလိုဖြစ်တာကြောင့် * မင်း*ကိုပြောရင် ငါအတွက်ကျောက်ရှာပျက်မှာဆိုးလို့ ငါတစ်ယောက်ထဲ ပြန်ခဲ့တာပါကွာလို့ ပြောလိုက်ပါတယ်။ အောင်မိုးအောင်လည်း ညဘက်ရးရောက်တော့ မှော်ဆီစာက သူထိုင်နေကျ ဆိုင်လေးသို့ ထွက်ခဲ့တယ် ။အခန်းထဲမှာတော့ နေမင်းက ကျန်ခဲ့တယ်။မောင်မိုးအောင်က နမ္မဖြစ်မှ မှော်ဆီရွာကို ကော်ဖီလာသောက်တဲ့ အဓိကအချက်က ကော်ဖီဆိုင်က စားပွဲထိုးကောင်မလေးနဲ့ ကြိုက်နေခြင်းကြောင့်သာ။ဝေးပေမဲ့ ရည်းစားကိုတွေ့ချင်လို့ လာတာပေါ့။ အဲဒီည တိုက်တိုက်ဆိုင်ဆိုင်ပဲ မောင်နေမင်းဆီက ကျောက်ဝယ်သွားတဲ့ လောပန်းက သူထိုင်ခုံဘေးမှာ ထိုင်နေတယ်။မောင်နေမင်းကျောက်ရောင်းသွားတဲ့လောပန်းက မောင်မိုးအောင်နဲ့လည်း အရင်ကတည်းကသိသူပါ။ မောင်မိုးအောင်နဲ့ မောင်နေမင်း အတူနေမှန်း ကျောက်ဝယ်လောပန်းက သိနေတော့ မနက်ဖြန် ကျောက်ဖိုးကျန်တာ မင်းသူငယ်ချင်း *နေမင်း* လာယူလို့ ရပြီလို့ မောင်မိုးအောင်ကို စကားအစပျိုးပြောပြီ။ မိုးအောင်လည်း လောပန်းစကားကြားပြီ အံ့ဩသွားကာ ချက်ခြင်းပဲ တွေးလိုက်ပါတယ်။ဒီကောင်နေမင်း ကျောက်ရတာကို ခိုးရောင်းသွားတာနေမှာလို့ တွေးရင်း *လောပန်း*ကျောက်ဖိုးဘယ်လောက်ကျန်သေးလဲလို့ မေးတဲ့အခါ လောပန်းက မောင်မိုးအောင် သိတယ်အထင်နဲ့ သိန်း၁၅၀ပေးစရာ ကျန်သေးတယ်လေကွာ၊ငါအိမ်မှာ ငွေသားနည်းနေလို့ ရှိတာလေးပဲချေလိုက်တာလို့ ပြောလိုက်ပါတယ်။

 

မောင်မိုးအောင် က မသိချင်ယောင်ဆောင်ပြီး ပြန်မေးလိုက်တယ်။အဲဒီကောင်ဘယ်လောက်နဲ့ ရောင်းသွားလဲလောပန်းလို့ မေးတဲ့အခါ လောပန်းက သိန်း၅၀၀လို့ ပြောလိုက်ပါတယ်။ မောင်မိုးအောင်လည်း ငါဘာလုပ်ရမလဲလို့ တွေးနေမိတယ်။ သူငယ်ချင်းအတွက် လောပန်းမသိအောင် နေရမလား၊ ဒါမှမဟုတ် ငါရဲ့ ကျေးဇူးရှင်ဘက်ကပဲ ရပ်ရမလား ဆိုပြီး တွေးရင်း နောက်ဆုံးအဖြေတစ်ခုရသွားပါတယ် ။ လောပန်းဘက်ကပဲ ငါရပ်တည်မယ်ဆိုပြီး လောပန်းဆီသွားတယ်။ လောပန်းအိမ်ကို ရောက်တဲ့အခါ မောင်နေမင်းကျောက်ရောင်းသွားတာကို အကြောင်းစုံ ပြောပြလိုက်တယ်။ ရေမဆေးလောပန်းဦးမြင့်မြတ်လည်း ကျောက်ဝယ်တဲ့လောပန်းအိမ်ကို ချက်ခြင်းလိုက်သွားပြီး သူရဲ့ရေမဆေးကျောက်ခိုးရောင်းခြင်းဖြစ်ကြောင်းပြောပြကာ ကျောက်အားကြည့်ပါရစေလို့ ပြောပြီး စာရင်းရှင်းပါတော့တယ်။ ကျောက်ဝယ်သောလောပန်းနဲ့ ရေမဆေးမွေးသော လောပန်းနှစ်ဦးစလုံးက ရင်းနှီးသောလူတွေ မဟုတ်ပေမဲ့ တစ်ယောက်နဲ့ တစ်ယောက်သိနေကြတော့ စကားပြောတာ အဆင်ပြေပါတယ်။ရေမဆေးလောပန်းဦးမြင့်မြတ်လည်း ကျောက်ကို ပြန်ရောင်းရင် မြတ်မယ်မှန်းသိလေတော့ သူရဲ့ ပိုင်ဆိုင်သောတစ်ဝက် သိန်း၂၅၀စုကို ပါမယ်၊ငါစုထဲက ငါသိန်း၂၅၀လုံး မင်းထဲမှာ ရှယ်ယာပြန်ထည့်ခွင့်ပေးပါကွာ၊ ဟိုကောင်ကိုတော့ မနက်ဖြန်ခေါ်ပြီး သုံးဦးဆိုင် ရှင်းတာပေါ့ လို့ပြောတယ်။ဟိုကောင်ရေမဆေးဆီက ငါသိန်းတစ်ရာကိုယူပြီး မင်းကိုပြန်ပေးမယ်၊မင်းလက်ခံပေးပါ ၊ လက်မခံရင်လည်း မင်းအတွက်မကောင်းနိုင်ဘူးလို့ ပြောလိုက်တယ်။မှော်စည်းကမ်းအရ ဝယ်သူက ခိုးကျောက်ဝယ်ထားရင် ထပ်ပြီး ဇယားတွေ ရှုပ်မှာဆိုးတာ ကြောင့် ရေမဆေးလောပန်းပြောတဲ့ ရှယ်ယာ တစ်ဝက်စုပါခြင်းကို လက်မခံချင်ပဲလက်ခံလိုက်ရတယ်။

 

မောင်မိုးအောင်လည်း အခန်းကို ရောက်တဲ့အခါ မသိချင်ယောင်ဆောင်နေလိုက်တယ်။မောင်နေမင်းကလဲ သူကျောက်ရကြောင်း ဘာမှမပြောပေ။မနက်ဖြန်လောပန်းဆီက ကျန်သောငွေယူပြီး ကားငှားကာ မိုးကောင်းကိုပြန်မယ်လို့ တွေးထားသူပါ၊ဘယ်သူမှ အသိမပေးပဲပေါ့။ ရေမဆေးလောပန်းလည်း ကျောက်ဝယ်လောပန်းကို သေချာမှာထားပါတယ်။ မနက်ဖြန် သူတို့မလာမချင်း ငွေမပေးရန်၊ ဒါမှမဟုတ် သူတို့ နေမင်းထက် အရင်ရောက်အောင်လာခဲ့မယ်လို့ ပြောထားခဲ့တယ်။မနက်မိုးလင်းတော့ မိုးအောင်က ငါဈေးသွားအုံးမယ်လို့ နေမင်းကိုပြောပြီး ရေမဆေးလောပန်းအိမ်သို့ထွက်ခဲ့ပြီ။ မိုးအောင်နဲ့ ရေမဆေးလောပန်းက နေမင်းထက်အရင် ကျောက်ဝယ်လောပန်းအိမ်ကို ကြိုရောက်နှင့်နေတယ်။ နာရီဝက်နေတော့ နေမင်းက ကျောက်ဝယ်လောပန်းအိမ်ကို ရောက်လာတဲ့အခါ လောပန်းနဲ့ မိုးအောင်ကို တွေ့လိုက်ရတော့ အဖြစ်မှန်ပေါ်သွားကြောင်းသိလိုက်ပါပြီ။ ရေမဆေးလောပန်းက ထွေထွေထူးထူးအများကြီးမပြောတော့ပဲ ငါရဲ့အစု သိန်းတစ်ရာပြန်ပေးလို့ပြောပြီး ပြန်တောင်းပါတော့တယ် ။ မောင်နေမင်းလဲ မျက်နာငယ်လေးနဲ့ တောင်းပန်အသနားခံပြောဆိုကာ ကျွန်တော်မှားပါတယ်လို့ ဝန်ချတောင်းပန်ပါတယ်။

 

လောပန်းကလည်းသဘောထားမှန်တဲ့လူဆိုတော့ အေးပါကွာ၊ ဖြစ်ပြီးမှာတော့ ဘယ်တတ်နိုင်မလဲ၊ ငွေဆိုတာလူတိုင်း သည်းချေကြိုက်ဆိုတော့ မင်းမှားတာ လက်ခံပါတယ်လို့ ပြောကာ ခွင့်လွှတ်ပေးလိုက်ပါတယ်။ မောင်နေမင်းလည်း ရေမဆေးလောပန်းကို သိန်း၃၅၀မှ သိန်းတစ်ရာပေးပြီး ကျန်ရှိတဲ့ သိန်း၂၅၀ထဲကနေ မောင်မိုးအောင်ကို မပေးလို့မကောင်းခြင်းကြောင့် လပ်ကီးအဖြစ်နဲ့ သိန်း၂၀ပေးလိုက်တယ်။ မောင်နေမင်းလဲ မိုးကောင်းမြို့သို့ ငွေထုပ်ပိုက်ပြီး ပြန်သွားပါပြီ။ ကျောက်ဝယ်လောပန်းဆီက ကျန်ရှိတဲ့ သိန်း၁၅၀ကို ရေမဆေးလောပန်းက မယူပဲ မောင်နေမင်းဆီက သိန်းတစ်ရာကိုပါ ကျောက်ဝယ်လောပန်းကို ပြန်ပေးပြီး ရှယ်ယာစု တစ်ဝက်ပါတယ်ပေါ့။ကျောက်ကို ပြန်ရောင်းတဲ့အခါသိန်း၃ထောင်ရလို့ ရေမဆေးလောပန်းနဲ့ ကျောက်ဝယ်လောပန်း သိန်း၁ထောင်၅ရာစီကြပါတယ်။ ကျောက်ဝယ်လောပန်းက ငွေသိန်း၂၅၀သာရင်ပြီး သိန်းပေါင်းတစ်ထောင်နှစ်ရာငါးဆယ်မြတ်သွားပါတယ်ဗျာ။

 

 

Source: Kyauk Sein

Read times Last modified on Wednesday, 23 September 2020 18:11
Rate this item
(0 votes)
Tagged under