တိုကျိုမှာ ကျင်းပနေတဲ့ အိုလံပစ် အားကစားပွဲမှာ ရွှေတံဆိပ် ရရှိသူတွေ ရွှေတံဆိပ်ကို မကိုက်ကြဖို့ အိုလံပစ် ကော်မတီက တိုက်တွန်းပြောကြားခဲ့ပါတယ်။
အိုလံပစ်ပွဲ စီစဉ်သူတွေက ရွှေတံဆိပ်ဆိုတာ ကိုက်စရာ မဟုတ်ကြောင်း၊ ရွှေတံဆိပ်ကို ကိုက်တာကြောင့် ကျန်းမာရေးထိခိုက်နိုင်ကြောင်း သတိပေးပြောကြားထားပေမဲ့ ရွှေတံဆိပ်ရတဲ့ အားကစားသမားတွေက ရွှေတံဆိပ်ကို ကိုက်နေကြဆဲ ဖြစ်ပါတယ်။
ရွှေတံဆိပ်ချီးမြှင့်ပြီးတဲ့အခါ ရွှေတံဆိပ်ရ အားကစားသမား ကိုယ်စားပြုတဲ့ နိုင်ငံရဲ့နိုင်ငံတော်အလံကို တိုင်ထိပ်သို့ တင်နေစဉ် နိုင်ငံတော်သီချင်း တီးလုံးကို ဖွင့်ပေးတဲ့အခါ အောင်ပွဲခံနေတဲ့ ရွှေတံဆိပ်ဆုရှင်က စုပြုံဝိုင်းအုံပြီး ဓာတ်ပုံ ရိုက်နေကြတဲ့ ဓာတ်ပုံဆရာတွေ ရှေ့မှာ အပြုံးပန်းဆင်ရင် ရွှေတံဆိပ်ကို ကိုက်ပြတာ ထုံးစံပါပဲ။
အဲဒီအကျင့်ကြောင့် ကျန်းမာရေးထိခိုက်နိုင်တဲ့အတွက် တိုကျိုအိုလံပစ် ကော်မတီက သတိပေးစကား ပြောကြားခဲ့ပါတယ်။
“ကျွန်ုပ်တို့ တရားဝင်အတည်ပြုပြောကြားလိုသည်မှာ တိုကျို၂၀၂၀ ဆုတံဆိပ်များသည် စားသုံးရန် မသင့်လျော်ပါ”
လို့ Tokyo 2020 Twitter အကောင့်မှာ ရေးသားဖော်ပြခဲ့ပါတယ်။
တစ်ဆက်တည်းမှာပဲ အကျိုးအကြောင်းကိုလည်း ရှင်းပြထားပါတယ်။
“ကျွန်ုပ်တို့၏ တံဆိပ်များကို ဂျပန်လူထုမှ လှူဒါန်းသော အီလက်ထရွန်နစ် ကိရိယာများထံမှ အရာဝတ္ထုများကို တစ်ဖန်ပြန်လည် သုံးစွဲသည့်အနေဖြင့် ဆုတံဆိပ်များ ပြုလုပ်ခဲ့ပါသည်။ သို့ဖြစ်ရာ ၎င်းတို့ကို သင်တို့ မကိုက်ကြပါနှင့်။ . . . သို့သော် သင်တို့ ကိုက်နေကြဉီးမည် ဆိုသည်ကိုလည်း ကျွန်ုပ်တို့ သိပါသည်”
အဘယ်ကြောင့် အားကစားသမားတွေက သူတို့ရဲ့ ဆုတံဆိပ်ကို ကိုက်ချင်ကြရတာလဲ။
ရှေးအစဉ်အလာအရ ရွှေစစ် မစစ် စစ်ဆေးတဲ့အနေဖြင့် သွားတွေနဲ့ ကိုက်ကြည့်တယ်။ သတ္တုသားက ပျော့ပြီး သွားရာတွေ ထင်သွားတယ်ဆိုရင် ရွှေစစ်တယ်။ ရွှေပါဝင်တဲ့ ရာခိုင်နှုန်းက ၉၉ ကျော်တယ်။
၂၀၂၁ အိုလံပစ် ရွှေတံဆိပ်တွေကို သွားတွေနဲ့ ကိုက်ရင် သွားရာ မထင်ကျန်ဘူး။ ရွှေတံဆိပ်တွေမှာ ပါတဲ့ ရွှေရာခိုင်နှုန်းက လွန်ရောကျွံရော ၁% သာသာပဲ ရှိတယ်။ ကျန်တဲ့ ငွေတံဆိပ်နဲ့ ကြေးတံဆိပ်တွေမှာ ရွှေပါစရာ အကြောင်း မရှိဘူး။ ဒီတော့ ရွှေစစ် မစစ် ကိုက်ကြည့်ဖို့ မလိုအပ်ဘူး။ ဒါပေမဲ့ ငွေတံဆိပ်ရတဲ့သူတွေကလည်း ဆုတံဆိပ်ကို ကိုက်ပြကြတယ်။ ကြေးတံဆိပ် ရတဲ့သူတွေကလည်း ကိုက်ပြကြတယ်။
အိုလံပစ်မှာ ဆုတံဆိပ်ကို ကိုက်တာ ဆုရတဲ့ အခိုက်အတန့်ကို ဖော်ကျူးချင်ကြလို့ ဖြစ်ပါတယ်။ ဓာတ်ပုံဆရာတွေက ကင်မရာတွေနဲ့ ရိုက်နေတုန်းမှာ ဆုတံဆိပ်ကို ကိုက်ပြလိုက်ကြတာ ဖြစ်ပါတယ်။ အဲဒီအကျင့်က ရေပန်းစားနေပြီး ဆုရတာကို ဓာတ်ပုံရိုက်ရင် ဆုတံဆိပ်ကို ကိုက်ပြလိုက်မှ ပြည့်စုံသွားတယ်လို့ ယူဆတဲ့သဘော ဖြစ်နေတယ်။
ဆုတံဆိပ်ကိုက်တဲ့ အရူးထခြင်းကို ၂၀၁၆ ခုနှစ် ရီယိုဂိမ်းမှာ အရမ်းရေပန်းစားခဲ့ပြီး ယခုကျင်းပတဲ့ တိုကျိုဂိမ်းမှာ အရှိန်မသေနိုင်သေးဘူး။ အရှိန်လျော့မယ့် လက္ခဏာလည်း မရှိဘူး။
တိုကျို အိုလံပစ်မှာ ပေးတဲ့ဆုတံဆိပ်တွေ အကုန်လုံးကို ဂျပန်လူထုက လှူဒါန်းထားတဲ့ ဖုန်းအဟောင်းတွေ၊ အီလက်ထရွန်းနစ်ပစ္စည်းအဟောင်းတွေမှ ရတဲ့ ကုန်ကြမ်းတွေနဲ့ တစ်ဖန်ပြန်သုံးပြီး လုပ်ထားတာ ဖြစ်ပါတဘ်။ ပတ်ဝန်းကျင်ထိန်းသိမ်းရေးအတွက် ရည်ရွယ်ပြီး တစ်ဖန်ပြန်သုံးထားတာ ဖြစ်ပါတယ်။ Olympic and Paralympic နှစ်မျိုးစလုံးအတွက် ဆုတံဆိပ်တွေအကုန်လုံး အခုလို စွန့်ပစ်ပစ္စည်းတွေကို တစ်ဖန်ပြန်သုံးပြီး ထုတ်လုပ်ထားတာ ဖြစ်ပါတယ်။ တစ်ဖန်ပြန်သုံးတဲ့ သတ္တုတွေနဲ့ ဆုတံဆိပ်တွေ သွန်းလောင်းဖို့အတွက် Tokyo 2020 Medal Project အမည်ဖြင့် အကောင်အထည်ဖော်ခဲ့တာမှာ ၂၀၁၇ ဧပြီလမှ ၂၀၁၉ မတ်လအထိ အတွင်းမှာ လူထုက လှူဒါန်းတဲ့ အီလက်ထရွန်းနစ်ပစ္စည်းတွေကို ကောက်ခံရယူခဲ့ပါတယ်။ တစ်ဖန်ပြန်သုံးတဲ့ သတ္တုတွေနဲ့ ရွှေတံဆိပ်၊ ငွေတံဆိပ်နဲ့ ကြေးတံဆိပ် စုစုပေါင်း ၅,၀၀၀ နီးပါး သွန်းလောင်းထုတ်လုပ်ထားပါတယ်။