မွန်ဘိုင်းလေဆိပ် အိန္ဒိယ ရွှေမှောင်ခိုမှု အများဆုံးလေဆိပ်ဖြစ်လာ
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
မွန်ဘိုင်းအပြည်ပြည်ဆိုင်ရာလေဆိပ်တွင် ရူပီး ၃၆၀ ကုဋေတန်ဖိုးရှိ မှောင်ခိုရွှေ ၆၀၄ ကီလိုဂရမ်ကို ၁၁ လအတွင်း သိမ်းဆည်းရမိခဲ့သည်။
မွမ်ဘိုင်းလေဆိပ်သည် အိန္ဒိယနိုင်ငံ၏ မှောင်ခိုရွှေ အများဆုံး ဖမ်းဆီးရမိသည့် လေဆိပ် ဖြစ်လာသည်။
ဒေလီ လေဆိပ်သည် ၃၇၄ ကီလိုဂရမ်ဖြင့် ဒုတိယနေရာတွင် ရှိနေပြီး တတိယနေရာတွင် ၃၀၆ ကီလိုဂရမ်ဖြင့် ချန်နိုင်းလေဆိပ် ရှိနေသည်။
.
မွမ်ဘိုင်းတွင် ရွှေစျေးကွက်ကြီးတစ်ခု ရှိသောကြောင့် ရွှေမှောင်ခိုသမားများ ဖြတ်သန်းသည့် အချက်အချာနေရာတစ်ခု ဖြစ်သည်။ လက်ဝတ်ရတနာ ရောင်းဝယ်သူများ အပါအဝင် အစုအဖွဲ့ အများအပြားသည် ရွှေမှောင်ခို သွင်းသူများကို ငွေကြေး ထောက်ပံ့သည်ဟု အကောက်ခွန် အရာရှိများက ပြောသည်။
အခြား မြို့ကြီးသုံးခု ဖြစ်သည့် ဒေလီ၊ ချန်နိုင်း၊ ကိုလ်ကတ္တားတို့၏ လေဆိပ်အသီးသီးသည်လည်း နိုင်ငံတကာ ရွှေမှောင်ခိုလမ်းကြောင်းတွင် အရေးပါသည်။
ဟိုက်ဒရာဘတ်လေဆိပ်တွင်လည်း ရွှေမှောင်ခိုမှု တစ်စထက်တစ်စ မြင့်တက်လာသည်ကို တွေ့ခဲ့ရသည်။ ၂၀၂၁ တွင် မှောင်ခိုရွှေ ၅၅ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့ပြီး ၂၀၂၂ တွင် ၁၂၄ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်။
.
ကိုဗစ်မတိုင်ခင် ၂၀၁၉-၂၀ ဘဏ္ဍာနှစ်တွင် ဒေလီလေဆိပ်တွင် မှောင်ခိုရွှေ ၄၉၄ ကီလိုဂရမ်၊ ချန်နိုင်းလေဆိပ်တွင် ၃၉၂ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်။
၂၀၂၀-၂၁ တွင် လေကြောင်းဖြင့် ရွှေမှောင်ခိုသွင်းခြင်း လျော့ကျခဲ့သည်။ ချန်နိုင်းလေဆိပ်တွင် ၁၅၀ ကီလိုဂရမ်၊ ကိုလ်ကတ္တားလေဆိပ်တွင် ၁၄၆.၉ ကီလိုဂရမ်၊ ဒေလီတွင် ၈၈.၄ ကီလိုဂရမ်၊ မွန်ဘိုင်းတွင် ၈၇ ကီလိုဂရမ် ဖမ်းဆီးရမိခဲ့သည်။
၂၀၂၂ အောက်တိုဘာမှစ၍ ယခုအထိ မွန်ဘိုင်းလေဆိပ်တွင် မှောင်ခိုရွှေ သယ်ဆောင်လာသည့် နိုင်ငံခြားသား ၁၄ ဦး ဖမ်းဆီးခဲ့သည်။
.
ဖေဖော်ဝါရီ ၁၀ ရက်က မွန်ဘိုင်းလေဆိပ်တွင် ရူပီး ၉ ကုဋေတန်ဖိုးရှိ ရွှေ ၁၈ ကီလိုဂရမ်ခန့် မှောင်ခိုတင်သွင်းကင်ညာနိုင်ငံသားနှစ်ဦးကို အကောက်ခွန်တာဝန်ရှိသူများက ဖမ်းဆီးခဲ့သည်။ ပါဝင်ကူညီခဲ့သည့် လေယာဉ်ဝန်ထမ်းများကိုလည်း ဖမ်းဆီးခဲ့သည်။
မွန်ဘိုင်းလေဆိပ်တွင် အကြီးမားဆုံး အချီကြီး ဖမ်းဆီးရမိခဲ့သည်မှာ ဇန်နဝါရီလ ၂၃ ရက်တွင် ရူပီး ၂၂ ကုဋေတန်ဖိုးရှိ ရွှေ ၃၇ ကီလိုဂရမ်နှင့် ငွေသား ရူပီး ၂ ဒသမ ၃ ကုဋေတို့ကို သိမ်းဆည်းရမိခဲ့သည်။
.
ကမ္ဘာ့ရွှေကောင်စီ World Gold Council (WGC) ၏ အဆိုအရ အိန္ဒိယနိုင်ငံတွင် ရွှေကို မှောင်ခိုရောင်းဝယ်မှုသည် ၂၀၂၂ ခုနှစ်တွင် တန်ချိန် ၁၆၀ အထိ ရှိခဲ့သည်။ ကိုဗစ်အကြိုကာလထက် ၃၃% ပိုများသည်။ ရွှေကို မှောင်ခိုသွင်းမှု ပိုများစေသည့် အကြောင်းတရားတစ်ခုမှာ အိန္ဒိယ အစိုးရက ရွှေတင်သွင်းမှုအပေါ် စည်းကြပ်သည့် သွင်းကုန်ခွန်ကို ၇.၅% မှ ၁၂.၅% သို့ တိုးမြှင့်ပြဋ္ဌာန်းလိုက်ခြင်း ဖြစ်သည်။
ပြည်တွင်းဈေးကွက်မှာ ရွှေကို တရားဝင် ဝယ်ယူပါက ကုန်စည်များနှင့် ဝန်ဆောင်မှုများ အခွန် goods and services tax (GST) (မြန်မာနိုင်ငံတွင် ကုန်သွယ်မှုအခွန် Commercial Tax (CT)) ၃% ပေးဆောင်ရသည့်အပြင် ရွှေဝယ်ခွန် ၁၈.၄၅% ပေးဆောင်ရသည်။ သို့ဖြစ်ရာ မှောင်ခို တင်သွင်းခြင်း၊ မှောင်ခိုရောင်းဝယ်ခြင်းတို့က တွက်ခြေကိုက်နေသည်။
.
အိန္ဒိယသည် ယခုအခါ ပြည်ပဆိုက်ရောက်ခရီးသည်တစ်ဦးလျှင် အမျိုးသားဆိုပါက ရွှေ ၂၀ ဂရမ်၊ အမျိုးသမီးဆိုပါက ၄၀ ဂရမ် တရားဝင် ခွင့်ပြုပါသည်။
ယေဘုယျအားဖြင့် အိန္ဒိယသို့ နှစ်စဉ် ရွှေတန်ချိန် တန် ၇၂၀ တင်သွင်းသည်။ တန် ၃၈၀ ကို အခွန်များ ပေးဆောင်ပြီး တရားဝင်တင်သွင်းသည်။ တန် ၃၄၀ ကို မှောင်ခိုတင်သွင်းသည်ဟု ခန့်မှန်းထားသည်။
၂၀၂၁-၂၂ ဘဏ္ဍာနှစ်တွင် ဖမ်းဆီးခဲ့သည့် မှောင်ခိုရွှေများတွင် ၃၇% သည် မြန်မာနိုင်ငံမှ လာသည်။ ၂၀% သည် အနောက်အာရှမှ လာသည်။
အိန္ဒိယတွင် တရားမဝင် ရောင်းဝယ်ဖောက်ကားသည့် ရွှေများတွင် အနည်းအကျဉ်းကိုသာ ဖမ်းဆီးရမိခဲ့သည်။ ဖမ်းဆီးရမိမှုနှုန်းမှာ ၂ ရာခိုင်နှုန်းခန့်သာ ရှိသည်ဟု WGC မှ ပြောကြားခဲ့သည်။
Source timesofindia
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U