ကြီးကျယ်ခမ်းနားတဲ့နေ့ဖြစ်တဲ့ မင်္ဂလာပွဲနေ့မရောက်ခင်မှာ အပျော်လွန်ပြီးစိတ်လှုပ်ရှားကြတာဖြစ်လေ့ဖြစ်ထရှိတဲ့ အရာတစ်ခုပါ။
ဒါပေမယ့် ဒီလိုအချိန်မှာ စိတ်လှုပ်ရှားပြီး ဘာလုပ်လို့ဘာကိုင်ရမှန်းမသိရင် မင်္ဂလာပွဲနေ့မှာ ကမောက်ကမတွေဖြစ်တတ်ပါတယ်။ မင်္ဂလာပွဲနေ့မှာ အဆင်ပြေချောမွေ့နေစေရန် မင်္ဂလာနေ့ရက်မတိုင်ခင် ၂၄ နာရီအတွင်းကြိုတင်ပြင်ဆင်သင့်တဲ့ အချက်အလက်အချို့ကိုတင်ပြပေးလိုက်ပါတယ်။
မင်္ဂလာဝတ်စုံနှင့်ဖိနပ်ကိုစစ်ဆေးပါ
မင်္ဂလာဝတ်စုံဆိုတာ မင်္ဂလာဆောင်မှာအစားထိုးလို့မရနိုင်တဲ့ အရေးကြီးတဲ့အချက်တွေထဲကတစ်ခုပါ။ သတို့သမီးတိုင်းကတော့ မင်္ဂလာပွဲနေ့မှာ မင်္ဂလာဝတ်စုံကို အမှားအယွင်းမရှိပဲ ကိုယ်လိုချင်တဲ့ပုံစံအတိုင်းလှလှပပ၀တ်ဆင်ချင်ကြမှာပါ။ ဒါ့ကြောင့် မင်္ဂလာပွဲနေ့မတိုင်ခင်မှာ မင်္ဂလာဝတ်စုံကို အစမ်းဝတ်ဆင်ကြည့်ပါ။ ဒါမှ တကယ်လို့အဆင်မပြေတာများရှိခဲ့ရင် ပြင်ဆင်ဖို့အတွက် အချိန်ရှိမှာပါ။ မင်္ဂလာပွဲမှာဝတ်ဆင်မယ့်ဖိနပ်ကိုလည်း မင်္ဂလာပွဲမတိုင်ခင်နေ့မှာဝတ်ဆင်ပြီး ကော်ဇော ပျဉ်ပြားအစရှိတဲ့ ကြမ်းခင်းအမျိုးမျိုးပေါ်မှာလျှောက်ကြည့်ပါ။ တကယ်လို့များ ဖိနပ်အတွင်းမှာဝတ်ဆင်ရတာချောနေတယ်ဆိုရင် ဖိနပ်အောက်ခံပြားကိုထည့်သွင်းပြီးဝတ်ဆင်လို့ရပါတယ်။
တာဝန်ရှိသူတစ်ဦးခန့်အပ်ထားပါ
သင့်ရဲ့မင်္ဂလာပွဲနေ့ကို သူငယ်ချင်းများ၊ မိတ်ဆွေအပေါင်းအသင်းများ၊ မိဘဆွေမျိုးများနဲ့ ပျော်ပျော်ရွှင်ရွှင်ကျင်းပနိုင်ဖို့ အတွက် ယုံကြည်စိတ်ချရတဲ့လူတစ်ယောက်ကို မင်္ဂလာပွဲတာဝန်ရှိသူအဖြစ်ကြိုတင်တာဝန်ပေးထားသင့်ပါတယ်။ တကယ်လို့များ သင့်ရဲ့မင်္ဂလာပွဲနေ့မှာ အကျွေးအမွေးစီစဉ်သူနောက်ကျတာတို့၊ ဓာတ်ပုံဆရာမရောက်သေးတာတို့ဖြစ်ခဲ့ရင် တာဝန်ရှိသူက တတ်နိုင်တဲ့နည်းလမ်းအမျိုးမျိုးနဲ့ဆက်သွယ်ပြီး အဆင်ပြေအောင်ဆောင်ရွက်ပေးရမှာပါ။ အဆိုပါတာဝန်ရှိသူက ဧည့်ပရိတ်သတ်နေရာချထားပေးဖို့အတွက်လည်း ဆောင်ရွက်ဖို့လိုပါတယ်။
အရေးပေါ်အသုံးပြုရန် ကိရိယာအစုံအလင်ပါတဲ့အိတ်တစ်အိတ်ပြင်ထားပါ
အချို့အရာတွေက မျှော်မှန်းထားသလိုဖြစ်မလာတာမျိုးတွေရှိတတ်ပါတယ်။ မင်္ဂလာပွဲနေ့ကို ချောချောမွေ့မွေ့နဲ့အဆင်ပြေပြေ ပြီးဆုံးချင်ပေမယ့် အဖျက်ဆိုတာဝင်တတ်စမြဲပါ။ ဒ့ါကြောင့် အရေးပေါ်အသုံးပြုရမယ့် ကိရိယာတွေဖြစ်တဲ့ ဆံညှပ်၊ တွယ်ချိတ်၊ နှုတ်ခမ်းနီ၊ မျက်တောင်ခြယ်ဆေး၊ ဆံပင်ဖျန်းဆေး၊ တို့ပတ်မှုန့်၊ ဖိနပ်အောက်ခံပြား၊ တစ်ရှုးစက္ကူ၊ အကိုက်အခဲပျောက်ဆေး၊ ဆေးပလာစတာ အစရှိတာတွေကိုအိတ်တစ်အိတ်ထဲထည့်ပြီး မင်္ဂလာပွဲကိုယူသွားဖို့လိုပါတယ်။ အကယ်၍များ မင်္ဂလာပွဲမတိုင်ခင် အခက်အခဲတစ်ခုခုရှိခဲ့ရင် သတို့သမီးအရန်များနဲ့ တိုင်ပင်ပြီး ပြင်ဆင်သင့်တာပြင်ဆင်ရအောင်ပါ။
မင်္ဂလာနေ့မတိုင်ခင်ညမှာ မင်္ဂလာပွဲအတွက်လိုအပ်တဲ့ပစ္စည်းတွေကို ပြင်ဆင်ထားပါ
မင်္ဂလာပွဲနေ့ရောက်တာနဲ့ ပြင်ဆင်ရမှာတွေများလွန်းတာကြောင့် စိတ်လှုပ်ရှားပြီး အမှားမှားအယွင်းယွင်းတွေဖြစ်တတ်ပါတယ်။ ဒီလိုမဖြစ်ရအောင် မင်္ဂလာပွဲကျင်းပမယ့်နေ့မတိုင်ခင်ညမှာ မင်္ဂလာပွဲအတွက်လိုအပ်တဲ့ပစ္စည်းတွေအကုန်လုံးကို အဆင်သင့်ပြင်ဆင်ထားလိုက်ပါ။ မင်္ဂလာဝတ်စုံ၊ ဖိနပ်၊ လက်ဝတ်ရတနာများ အပြင်အခြားလိုအပ်တဲ့အသုံးအဆောင်ပစ္စည်းများကို အဆင်သင့်ပြင်ဆင်ထားဖို့လိုပါတယ်။ မင်္ဂလာပွဲပြီးတာနဲ့ ပျားရည်ဆမ်းခရီးတန်းသွားမယ်လို့စီစဉ်ထားရင်တော့ ခရီးအတွက်လိုအပ်တဲ့ပစ္စည်းများနဲ့ အ၀တ်အစားတွေပါတစ်ခါတည်းထည့်ထားလိုက်ပါ။ ဒါဆိုရင် မင်္ဂလာပွဲပြီးတာနဲ့ အထုပ်ဆွဲပြီး ခရီးတန်းသွားရုံပါပဲ။ အခုလို ကြိုတင်ပြင်ဆင်မှုတွေပြုလုပ်ထားတာကြောင့် မင်္ဂလာပွဲနေ့မှာ စိတ်ဖိစီးမှုများကင်းဝေးပြီး အမှားအယွင်းကင်းတဲ့ ပြီးပြည့်စုံတဲ့ မင်္ဂလာပွဲကို ရရှိစေမှာပါ။
Read More: မင်္ဂလာနေ့ရက်မတိုင်ခင် ၂၄ နာရီအတွင်းပြင်ဆင်စရာများ (၂)
Author – Nyi Min Khant