သင့်ဘ၀အတွက် အရေးအပါဆုံးနေ့တွေထဲက တစ်နေ့ဖြစ်မယ့် သင့်မင်္ဂလာပွဲကျင်းပမယ့်နေ့ကို
ရောက်ရှိရန်အတွက် အချိန် ၂၄ နာရီသာလိုပါတော့တယ်။ ဒီလိုအချိန်မျိုးမှာ စိတ်လှုပ်ရှားပြီး အလွဲလွဲအချော်ချော်တွေဖြစ်တတ်တဲ့အတွက် မင်္ဂလာနေ့ရက်မတိုင်ခင် ၂၄ နာရီအတွင်းပြင်ဆင်စရာများအပိုင်း(၂) ကိုဖော်ပြပေးလိုက်ပါတယ်။ အပိုင်း(၁) ကိုယခင်ဖော်ပြခဲ့ပြီးဖြစ်ပါတယ်။
Read More: မင်္ဂလာနေ့ရက်မတိုင်ခင် ၂၄ နာရီအတွင်းပြင်ဆင်စရာများ (၁)
ရာသီဥတုအခြေအနေကြည့်ပါ
ပန်းခြံတွေ၊ ဥယျာဉ်တွေမှာ ပြုလုပ်မယ့်မင်္ဂလာပွဲမဟုတ်ဘူးဆိုရင်တောင် မင်္ဂလာပွဲအတွက်ကော ပျားရည်ဆမ်းခရီးအတွက်ပါ ရာသီဥတုအခြေအနေက အရေးကြီးတဲ့အစိတ်အပိုင်းတစ်ခုအဖြစ်ပါဝင်ပါတယ်။ ဧည့်ခံပွဲကိုတက်ရောက်ချီးမြှင့်ကြမယ့် ဧည့်ပရိတ်သတ်များ မိုးမမိစေဖို့နဲ့၊ သွားလာရလွယ်ကူစေဖို့အတွက် ကားအကြိုအပို့ကို မင်္ဂလာပွဲပြုလုပ်မယ့် ခန်းမနဲ့ ညှိနှိုင်းပြီး ကြိုတင်စီစဉ်ထားဖို့လိုပါမယ်။ ပန်းခြံတွေ၊ ဥယျာဉ်တွေမှာပြုလုပ်မယ့် မင်္ဂလာပွဲဆိုရင်တော့ ရာသီဥတုအခြေအနေက အရေးအကြီးဆုံး ကဏ္ဍတစ်ခုဖြစ်သွားပါပြီ။ ရာသီဥတုအခြေအနေကို သေချာစောင့်ကြည့်ပြီးမှသာ အမိုးအကာမရှိတဲ့နေရာတွေမှာ မင်္ဂလာပွဲပြုလုပ်ဖို့အတွက် စီစဉ်သင့်ပါတယ်။
ဆံပင်နဲ့မိတ်ကပ်ကို စမ်းသပ်ပြင်ဆင်ကြည့်ပါ
သင့်ရဲ့ ဆံပင်ဒီဇိုင်နာ၊ မိတ်ကပ်ဒီဇိုင်နာတို့အပေါ်မှာ ယုံကြည်မှုအပြည့်ရှိတယ်ဆိုရင်တောင် မင်္ဂလာပွဲမတိုင်ခင်တစ်ရက်မှာ ဆံပင်နဲ့မိတ်ကပ်ကိုစမ်းသပ်ပြင်ဆင်ပြီး ဘာတွေလိုအပ်လဲဆိုတာသိနိုင်ပါတယ်။ ဒီလိုအချိန်မှာ သင့်ဘေးမှာ သတို့သမီးအရန်များနဲ့သင့်မိသားစုများရှိနေရင် သင့်ရဲ့အပြင်အဆင်နဲ့ပတ်သက်ပြီး လိုအပ်တာများကို အကြံဉာဏ်ပေးနိုင်မှာဖြစ်သလို သင့်မင်္ဂလာပွဲမှာ သင်ဘယ်လောက်လှပနေမှာလဲဆိုတာ သင့်ကိုယ်သင်ကြည့်ပြီး ကြိုတင်ရင်ခုန်နိုင်တဲ့အချိန်လည်းဖြစ်ပါတယ်။
သတို့သမီးအရန်များနဲ့တွေ့ဆုံပါ
သတို့သမီးအရန်တွေဟာ မင်္ဂလာပွဲမှာသင့်ကိုအဓိက အထောက်အကူပြုပေးမယ့်သူတွေပါ။ ဒါ့ကြောင့် မင်္ဂလာပွဲမတိုင်ခင်နေ့မှာ သူတို့နဲ့တွေ့ဆုံပြီး မင်္ဂလာပွဲနေ့အတွက် အမှားအယွင်းမရှိစေရန် အသေးစိတ်အချက်အလက်များကအစ သေချာအောင်ဆောင်ရွက်ပါ။ မင်္ဂလာပွဲနေ့အတွက် အားလုံးအဆင်ပြေချောမွေ့အောင်ပြင်ဆင်ပြီးပြီဆိုရင်တော့ သူငယ်ချင်းတွေနဲ့ အတူတူအလည်အပတ်ထွက်ပြီး ရုပ်ရှင်ကြည့်တာပဲဖြစ်ဖြစ်၊ မုန့်သွားစားတာပဲဖြစ်ဖြစ်ပြုလုပ်လိုက်ပါ။ မင်္ဂလာပွဲနေ့အတွက် ဖြစ်ပေါ်နေတဲ့ စိတ်လှုပ်ရှားမှုတွေ၊ ဖိအားတွေကို သူငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးရင်း လျော့ချလိုက်ပါ။
မိသားစုအတွက် အချိန်ပေးပါ
သူငယ်ချင်းတွေနဲ့အချိန်ကုန်ဆုံးသလိုမျိုး သင့်မိသားစုအတွက်လည်း အချိန်ပေးဖို့လိုပါတယ်။ မနက်ဖြန်ဟာ သင်တစ်ယောက်တည်းသာမက သင့်မိသားစုအတွက်လည်းအရေးကြီးတဲ့နေ့တစ်နေ့ပါ။ တန်ဖိုးရှိတဲ့ သမီးလေးကို အခြားလူတစ်ယောက်လက်ထဲထည့်ပေးလိုက်ရမယ့် အဖေနဲ့အမေတို့ဟာ သင့်မင်္ဂလာဆောင်အတွက် ပျော်ရွှင်ခြင်းနဲ့တစ်ပြိုင်တည်း သင့်ကိုလက်လွှတ်ရတော့မှာဖြစ်တဲ့အတွက် ၀မ်းနည်းခြင်းတွေကိုပါ ခံစားနေရမှာပါ။ ဒီလိုအချိန်မှာ အဖေ၊ အမေနဲ့ မိသားစုအနားမှာအချိန်ပေးပြီး သင်ငယ်ငယ်တုန်းကအကြောင်းတွေပြန်ပြောတာပဲဖြစ်ဖြစ်၊ မိသားစုညစာစားတာပဲဖြစ်ဖြစ်ပြုလုပ်ဖို့လိုပါတယ်။
ကိုယ့်ကိုကိုယ်အာရုံစိုက်ပါ
မင်္ဂလာဆောင်တယ်ဆိုတာ အားလုံးသိတဲ့အတိုင်းပဲ စိတ်ဖိစီးမှုအနည်းနဲ့အများတော့ရှိမှာပါပဲ။ ဒီလိုအချိန်မျိုးမှာ သင်စိတ်သက်သာရာရဖို့အတွက် ကိုယ်ကြိုက်နှစ်သက်တဲ့ သီချင်းလေးတွေဖွင့်ပြီး Spa လိုနေရာမျိုးမှာသွားရောက်အနားယူသင့်ပါတယ်။ မနက်ဖြန်ဟာ သင့်ဘ၀ရဲ့အကြီးကျယ်အခမ်းနားဆုံးနေ့တစ်နေ့ဖြစ်လာမှာဖြစ်တဲ့အတွက် သင်ဟာ ကျန်းမာပျော်ရွှင်ပြီး စိတ်ကြည်လင်ရွှင်လန်းနေဖို့လိုပါတယ်။
Author – Nyi Min Khant