စာရေးဆရာရော့ဖ်ဒိုဘယ်လီက ပြောခဲ့ဖူးတယ်၊ လူတစ်ယောက်ရဲ့အဆင့်အတန်းကိုသိချင်ရင်သူ့မှာဘယ်လောက်ရွေးချယ်ခွင့်ရှိသလဲနဲ့တိုင်းတာလို့ရတယ်တဲ့။
ဥပမာ တီဗွီကြည့်မယ်ဆိုပါတော့၊ အရင်ခေတ်ကဆို မြန်မာ့အသံနဲ့ မြ၀တီ နှစ်လိုင်းပဲရှိတယ်၊ ကြည့်ချင်လည်းကြည့်၊ မကြည့်ချင်လည်းကြည့်။ ဒီနေ့ခေတ်ကျတော့ ရွေးစရာရုပ်သံလိုင်းကရာနဲ့ချီတယ်။ ဒီတော့ ဟိုလိုင်းလည်းကြည့်ချင်၊ ဒီလိုင်းလည်းကြည့်ချင်။အရင်ကဖုန်းဆို MPT ပဲ။ ဈေးဘယ်လောက်မတန်တဆ ပေးရပေးရ ဒါပဲကိုင်စရာရှိတယ်။ ခုကျတစ်ကဒ်အဆင်မပြေတစ်ကဒ်။စာအုပ်တွေဆိုလည်း ဖတ်စရာအများကြီး။ ရုပ်ရှင်တွေလည်း ကြည့်စရာအများကြီး။ ပြောချင်တာကရွေးစရာများလာတဲ့အတွက် ဒီနေ့ခေတ်ဟာအရင်ထက်စာရင်လူနေမှုအဆင့်အတန်းပိုမြင့်လာတယ်ဆိုရမယ်။
အဲ့လိုခေတ်ကလည်းမတူတော့တဲ့အခါ ပြဿနာကလည်းမတူတော့ဘူး။အရင်ခေတ်ရဲ့ ပြဿနာက ရွေးချယ်စရာနည်းခြင်း (Limited choice)၊ ဒီနေ့ခတ်ရဲ့ ပြဿနာက ရွေးစရာတွေများလွန်းတော့ ဘာရွေးရမှန်း မသိတော့ခြင်း (Paradox of choice)။အဲဒီပြဿနာကို တစ်ဦးချင်းအနေနဲ့လည်းချိန်ထိုးလို့ရတယ်။ကိုယ့်မှာပိုက်ဆံ ၃ သိန်းပဲရှိရင်ရွေးစရာဖုန်းက နှစ်မျိုး သုံးမျိုးပဲ၊ ဒီတော့ ခေါင်းအေးတယ်။ ပြဿနာနည်းတယ်။ ပိုက်ဆံက သိန်း ၃၀ ဖြစ်လာတဲ့အခါကျတော့ရှိသမျှဖုန်းအကုန်ရွေးလို့ရတယ်။ ဒီတော့ဟိုဟာလည်းလိုချင်၊ ဒီဟာလည်း လိုချင်။
နာမည်က မရှိ၊ ရုပ်က မချော၊ ပိုက်ဆံက မချမ်းသာတော့ ကိုယ့်ကိုပြန်ကြိုက်မယ့်မိန်းကလေးကသိပ်မရှိဘူး။ နာမည်ကြီးလာ၊ ရုပ်ရည်က ကြည့်ကောင်းလာ၊ ပိုက်ဆံကရှိလာတော့ ကိုယ်ရည်းစားစကားပြောလိုက်ရင် ချက်ချင်းခေါင်းညိမ့်မယ့်သူ၊ ကိုယ့်ကိုဇာတ်လမ်းတောင်လာစတဲ့သူတွေရှိလာတယ်။ဒီတော့ကိုယ်ဘာမှမဟုတ်ခင် (ကိုယ့်မှာရွေးစရာများများစားစား မရှိခင်က) တွဲခဲ့တဲ့သူနဲ့ ပြန်ချိန်ထိုးကြည့်လာတယ်။ နှလုံးသားရဲ့တောင်းဆိုမှုကိုဦးနှောက်ရဲ့စဉ်းစားမှုတွေကကြားဝင်နှောင့်ယှက်လာတယ်။ သူ့ထက်သာတာ ရနိုင်မယ်လို့ထင်လာတယ်။ ဒီတော့ ခြံခုန်တယ်၊ ဖောက်ပြန်တယ် ဘာညာဖြစ်တယ်ပေါ့။
ပြောရရင် ကောင်မလေးတွေသည်းသည်းလှုပ်အားပေးတဲ့မင်းသားတွေ၊ အဆိုတော်တွေ ခုချိန်ထိလူပျိုကြီးဖြစ်နေရတဲ့ အကြောင်းရင်းကလည်းဒါနဲ့ဆက်စပ်နိုင်တယ်။ သိပ်ပြီးအောင်မြင်လွန်းသွားတဲ့အခါ သူတို့ရဲ့ လက်တွဲဖော်ကိုရွေးဖို့တအားစဉ်းစားလာရတယ်။ သာမန်ကုမ္ပဏီဝန်ထမ်း ကောင်မလေးတစ်ယောက်ကို လက်ထပ်မယ်ဆိုပါတော့။ သူတို့ဟာသူတို့အဆင်ပြေနေတောင် ပတ်ဝန်းကျင်ကပြောဦးမှာ၊ ဟယ် ယူစရာရှားလို့၊ မိန်းကလေးတွေဆို ပြောချင်ပြောနိုင်တယ်၊ ငါ့များမမြင်လေရော့သလား စသဖြင့်ပေါ့။ အားလုံးကလည်း သူတို့ဘယ်လိုမိန်းကလေးမျိုးကိုမှ ရွေးမလဲ၊ သူတို့ရွေးတဲ့သူဆိုရင်တော့ထိတ်ထိတ်ကြဲဖြစ်နေမှာပဲ၊ ဒီလိုမျှော်လင့်ကြတယ်။ သူ့ကိုလည်း နားလည်ပေးနိုင်ရမယ်၊ ပိုက်ဆံလည်းရှိ၊ ရုပ်ရည်လည်းလှ၊ အသိုင်းအ၀ိုင်းလည်းကြီး၊ ပညာလည်းတတ်၊ မိန်းမလည်းပီသ၊ အနေအထိုင်လည်းအေး၊ ဒီလိုလူမျိုးတွေ ရှာလာကြတယ်၊ ခက်တာက အဲ့လိုမိန်းကလေးကလည်း ကမ္ဘာမှာမမွေးလောက်သေးဘူး။ အဲ့လိုနဲ့စဉ်းစားရင်း စဉ်းစားရင်း လူပျိုကြီးတွေ ဖြစ်ကုန်ကြရော။
ယောကျာ်းတွေက ချမ်းသာတဲ့ဒဏ်၊ နာမည်ကြီးတဲ့ဒဏ် မခံနိုင်ကြဘူးပြောကြပေမယ့် တကယ်တော့ဒီပြဿနာက ယောကျာ်းလေးမှာမှရှိတာမဟုတ်ဘူး။ မိန်းကလေးတွေလည်း ဒီလိုပါပဲ။တက္ကသိုလ်မှာ တအားလှပြီး နာမည်ကြီးတဲ့ Queen တွေဟာ ကောင်လေးတစ်ယောက်ယောက်ကိုအဖြေပြန်ပေးပြီး တွဲတယ်ဆိုတာရှားတယ်။ ကြိုးရှည်ရှည်နဲ့လှန်းထားတယ် ဆိုတာကများတယ်။ ဘာလို့ဆိုတော့ ရွေးစရာတွေကများလွန်းတော့ဘယ်သူ့ရွေးရမှန်းမှမသိတာကိုး။မင်းသမီးတွေ၊ အဆိုတော်တွေ နာမည်ကြီးလာရင်လည်းဒီလိုပဲ။ ခရိုနီကြီးရဲ့သားလေးကလည်း မက်လောက်စရာ၊ သူ့ထူးသူချွန်ပြီး အောင်မြင်လာတဲ့ လူငယ်စွန့်ဦးတီထွင် လုပ်ငန်းရှင်လေးကလည်း အားကိုးချင်စရာ၊ ရုပ်ရှင်ထုတ်လုပ်ရေးပိုင်ရှင်နဲ့တွဲလိုက်ရင်လည်း ရုပ်ရှင်တွေအများကြီး ရိုက်ရတော့မှာ၊ အဲ့အဆိုတော်နဲ့ ကြိုက်မယ်ဆိုလည်း မိုက်တာပဲ၊ မင်းသားနဲ့ရည်းစားဖြစ်လို့ရုပ်ရှင်အတူရိုက်ရတာက သိပ်မရိုဘူး၊ အဆိုတော်နဲ့ ကြိုက်ရလို့ သူက သီချင်းစပ်၊ MTV အတူရိုက်၊ ပရိသတ်တွေက အားကျကြ၊ ဒီလိုအခြေအနေမျိုးက ပိုမိုက်တယ်လို့ထင်သူကထင်မယ်။ ဒီတော့ ဘယ်သူ့ရွေးရမှန်း မသိတော့ဘဲ ဖြစ်လာတယ်။ အကုန်လုံးနဲ့တစ်ပြိုင်တည်းတွဲတယ်။ Silent ထားချင်ထားမယ်။ ရှုပ်တယ်ပွေတယ် ထင်သူကထင်သွားမယ်။ အသည်းကွဲတဲ့သူကလည်း ကွဲကုန်မယ်ပေါ့။
ဒါကြောင့် ခြံခုန်တယ်တို့၊ နာမည်ကြီးပြီးနောက်ပိုင်း ပြောင်းလဲသွားတယ်တို့၊ ကြိုးရှည်ရှည်လှန်းတယ်တို့၊ စဉ်းစားရင်းစဉ်းစားရင်းနဲ့အပျိုကြီး၊ လူပျိုကြီးဖြစ်ကုန်တယ်တို့ဆိုတာတွေဟာ ဒီ Paradox of choice သဘောတရားတွေလို့ထင်မိတယ်။ကိုယ့်ကိုကြိုက်တာကလည်း ဒီတစ်ယောက်ပဲရှိတယ်၊ သူ့ကိုကလည်း ကိုယ်ကလွဲရင်ပြန်ကြိုက်မယ့်လူမရှိဘူး၊ ဒီလိုအခြေအနေမျိုးကို သစ္စာရှိတယ်ပြောလို့မရဘူး။ ကိုယ့် Crush ကို မက်ဆန်ဂျာမှာမရဲတရဲလေးသွား Hi လိုက်တာနဲ့ 1 min ago ဖြစ်သွားတဲ့သူက ခြံခုန်ချင်ရင်တောင်ခုန်လို့မရဘူး။ သော့ခတ်ထားတဲ့အချိန်မှာ မယူသွားတာကိုရိုးသားတယ်လို့ ပြောလို့မရဘူး။ သော့မခတ်ထားဘဲ ဒီအတိုင်းထားတာကိုတောင် မယူသွားဘူးဆိုမှ ဒီလူကို ရိုးသားတယ်သတ်မှတ်လို့ရမှာပေါ့။ ဒါကြောင့် ကိုယ့်ဘဝကိုယ်အဆင့်မြင့်အောင်လည်းကြိုးစားရမယ်၊ ဒီအခါခုလိုအခြေအနေမျိုးကိုယ်လည်းကြုံလာမှာပဲ၊၊ အဲ့ဒီအခါ ပြောင်းလဲမသွားဘဲဘယ်လိုခိုင်ခိုင်မာမာ နေမလဲဆိုတာကိုစဉ်းစားကြည့်သင့်တယ်၊ ကြိုတင်ပြင်ဆင်သင့်တယ်။ အခြေအနေတွေမတူတော့ရင်လူတွေရဲ့စိတ်ထားတွေလည်း ပြောင်းကုန်ကြတာဓမ္မတာပဲ။
ဒီလိုလုပ်ရပ်တွေမှန်တယ်မပြောပါဘူး။ အပြစ်တင်တာမတင်တာလည်းကိုယ့်သဘောပေါ့။ ဒါပေမယ့် ဖြစ်တတ်တဲ့လူ့သဘောတစ်ခုကိုပြောပြတာပါ။ကျွန်တော့်တစ်ဦးတည်းအမြင်အရတော့ အဲ့လိုလူတွေကိုအပြစ်မမြင်လှပေမယ့် ရွေးစရာတွေအများကြီးရှိနေတဲ့အထဲကမှ တစ်ခုတည်းကိုပဲပြတ်ပြတ်သားသား ရွေးတဲ့သူတွေကိုတော့စိတ်ထဲပိုသဘောကျမိတယ်။ ဒါပေမယ့်လည်း ရှားတော့ရှားမယ်ပေါ့၊၊
Credit;ဒေါက်တာ ဖြိုးသီဟ