ကိုယ့်အသည်းတုံးလေးက ဘဏ်ဝန်ထမ်းမလေးဖြစ်နေမယ်ဆိုရင်တော့ အရေးကြီးတဲ့ ဆောင်ရန်၊ရှောင်ရန်အချက်လေးတွေ ပြောပြပေးပါမယ်။
ဘဏ်ဝန်ထမ်းတွေကို အိမ်ထောင်ဖက်အဖြစ် ရွေးလိုက်မယ်ဆိုရင် တော်ရုံတန်ရုံသည်းခံနိုင်ရုံနဲ့ အလုပ်မဖြစ်ဖူး၊ ရှေးဘဝအဆက်ဆက်ကတည်းက “ခန္တီပါရမီ” ကို ဖြည့်ကျင့်ထားတဲ့ “ဦးခန္တီ” တွေပဲ အဆင်ပြေမှာ။ အဲဒီတော့ ဘယ်လိုကိစ္စမျိုးတွေ သည်းခံရမလဲ၊ အနွံနာခံရမလဲဆိုတာ တစ်ခုချင်းသာ ဖတ်ကြည့်ပါ။
(၁) မနက်စာ အဆင်သင့်မဖြစ်ဘူး
အောင်မလေး ဘဏ်ဝန်ထမ်းမမတွေက အိမ်ဦးနတ်အတွက် မနက်စာပြင်ပေးဖို့ မဆိုထားနဲ့၊ သူတို့ဘာသာကို အလှပြင်နေရတာနဲ့ အချိန်မလောက်ဖူး။ မိတ်ကပ်လိမ်းရတာ၊ မျက်ခုံးမွှေးဆွဲရတာနဲ့ကို အချိန်ကုန်နေတာနဲ့ သူ့အတွက် မနက်စာပြင်ပေးရဦးမယ်။ “ ကြည် . . ပဲပြုတ်နဲ့နံပြား ရရင်စားချင်တယ်” ဆိုပြီး စာတွေဘာတွေရေးလို့မရဘူး။
(၂) သူနာပြုသင်တန်းသာ တက်ထားပါလေ
ဘဏ်တွေက သိတဲ့အတိုင်း အလုပ်များတာဆိုတော့ အခန့်မသင့်ရင် မနက်စာနဲ့နေ့လည်စာ ပေါင်းစားရတာ။ ထမင်းစားချိန်မမှန်လို့ အစာအိမ်ရောဂါနဲ့ အရိုးပေါ်အရေတင် ဖြစ်လာမယ်၊ အခန့်မသင့်ရင် ဆေးရုံပါ တင်ရမှာနော်။ အဲဒီတော့ အနီးကပ်ပြုစုနိုင်အောင် ရည်းစားဘဝကတည်းက သူနာပြုသင်တန်းသာ ကြိုတင်တက်ထားပေတော့။
(၃) ကုလားမနိုင် ရခိုင်မဲမယ်
တစ်နေကုန် ဘဏ်မှာ Customer ရစ်တာတွေ၊ အထက်လူကြီး ဆူတာတွေကို အပြုံးမပျက်သည်းခံခဲ့သမျှ အိမ်ရောက်မှ အတိုးချပြီး ပေါက်ကွဲတော့တာပဲ။ မနက်တုန်းက လှလှပပပြင်ဆင်သွားပြီးတော့ ညနေကျ သူရဲဘီလူးရုပ်နဲ့ ရစ်မှာနော်။ ကုလားမနိုင် ရခိုင်မဲတဲ့ သဘောပဲ။ အဲဒီတော့ “ကံဆိုးသူ မောင်ရှင်” မဖြစ်စေနဲ့။
(၄) မုဒိတာပွားပေတော့
ဘဏ်မှာဆိုရင် တစ်နေကုန် ယောက်ျားလေးတွေနဲ့ရောပြီး နီးနီးကပ်ကပ်လုပ်ကိုင်ကြရတာ။ သဝန်တိုတတ်မယ်ဆိုရင်တော့ ဖင်ဆောင့်ပြီး သေမှာပဲ။ အဲဒီတော့ ကိုယ့်မိန်းမအတွက် မနာလိုဝန်တိုစိတ်တွေ လျော့ပြီး မုဒိတာသာ ပွားထားပေတော့။
(၅) ချိန်သားကိုက် ဖျားနာတတ်ပါစေ
ကိုယ့်အနေနဲ့ ဖျားမယ်၊ နာမယ်ဆိုရင်လည်း ကိုယ့်မိန်းမက ခွင့်ရက်အလွယ်တကူ မရလို့ ကိုယ့်ကို ပြုစုနိုင်မှာမဟုတ်ဖူး။ တစ်ယောက်တည်း ကွမ်းရွက်ပြုတ်ရည် သောက်ရမှာ။ အဲဒီတော့ ကိုယ့်မိန်းမရုံးပိတ်တဲ့ရက်တွေသာ ချိန်သားကိုက် ဖျားနာတတ်ပါစေ။
(၆) သားချော့တေးသာ ကျက်ထားပါ
ကလေးမွေးပြီးတာနဲ့ ၄၅ရက်ပြည့်ပြီဆို ရုံးပြန်ဆင်းရတာဆိုတော့ ကိုယ်ပဲ ကလေးထိန်းရမှာနော်။ အဲဒီတော့ ကိုယ်ဝန်ရပြီဆိုကတည်းက “မိတ္ထီလာကန်မယ် ဖားကောက်ခဲ့ပါ့ကွယ်၊ ဗျိုင်းရှေ့က ပျံကာပျံကာရယ်” ဆိုပြီး သားချော့တေးတွေ ဘာတွေကြိုကျက်ထာပါး။
(၇) ဓာတ်ပုံသာ ကြည့်ပါလေ
ဘဏ်ဝန်ထမ်းတွေရဲ့ဘဝက လဆန်းရက်၊ လကုန်ရက်တွေမှာ အလုပ်များတာ သိတဲ့အတိုင်းပဲ။ မနက်မိုးမလင်းခင်ကရုံးသွား၊ မိုးစုန်းစုန်းချုပ်မှအိမ်ပြန်လာတော့အချိန်ကြာလာရင်ကိုယ့်မိန်းမရုပ်ကိုတောင်ကိုယ်မမှတ်မိတော့ဘူး။ အဲဒီတော့ ဓာတ်ပုံသာ ကြည့်ပြီး အလွမ်းဖြေပါလေ။
ဒါတွေကတော့ ဘဏ်ဝန်ထမ်းတစ်ယောက်ကို အိမ်ထောင်ပြုလိုက်ရင် မလွှဲမသွေကြုံတွေ့ရမယ့် နိစ္စဓူဝဒုက္ခတွေပဲ ဖြစ်ပါတယ်။
Credit;ကျော်စိုးအောင် (အခရာ)