အချစ်ရေးတစ်ခုမှာ အရမ်းကိုတင်းမာလွန်းရင်လည်း မကောင်းနိုင်သလို၊ အရမ်းလျှော့လွန်းရင်လည်း မကောင်းပါဘူး။
သင်ဟာ ခိုင်မြဲတဲ့အချစ်ရေးတစ်ခုကို ပိုင်ဆိုင်ချင်တယ်ဆိုရင်တော့ မဖြစ်မနေသိထားရမယ့် အချက်လေးတွေ ရှိပါတယ်။ ဒီအချက်လေးတွေကို လိုက်နာခြင်းဖြင့် သာယာပျော်ရွှင်တဲ့ အချစ်ရေးကို အမြဲတမ်းပိုင်ဆိုင်ရမှာဖြစ်သလို အချစ်ရေးကြောင့်ဖြစ်ရတဲ့ စိတ်ညစ်စရာတွေလည်း ကင်းဝေးသွားမှာဖြစ်ပါတယ်။
(၁) ပွင့်လင်းတဲ့ ဆက်ဆံရေး
လူတစ်ယောက်နဲ့ တစ်ယောက်ကြားက ဆက်ဆံရေးဟာ အရမ်းကိုအရေးကြီးပါတယ်၊ အထူးသဖြင့် အချစ်ရေးတစ်ခုမှာ ပိုလို့တောင် အရေးကြီးပါသေးတယ်။ သင်ရဲ့ ဆန္ဒတွေ၊ လိုအပ်ချက်တွေကို သင့်ချစ်သူဆီမှာ ပွင့်ပွင့်လင်းလင်း ထုတ်မပြောရင် သူကတော့ ဘယ်သိပါ့မလဲနော့။ ဒါကြောင့် ဘယ်လိုကိစ္စမျိုးပဲဖြစ်ဖြစ် သင့်ချစ်သူကို ပွင့်ပွင့်လင်းလင်းပြောပြီး ဆွေးနွေးတိုင်ပင်တာ အကောင်းဆုံးဖြစ်ပါတယ်။ ဒါဟာ တစ်ယောက်နဲ့ တစ်ယောက်ကြားက ရင်းနှီးမှုသံယောဇဉ်ကို ပိုပြီးတိုးပွားလာစေတဲ့အတွက် သင်တို့နှစ်ဦးရဲ့ချစ်ခြင်းကို ခိုင်မြဲစေမှာဖြစ်ပါတယ်။
(၂) တစ်ဘဝလုံး မပုံအပ်လိုက်ပါနဲ့
တစ်ယောက်နဲ့တစ်ယောက် ချစ်မိသွားရတဲ့ အကြောင်းပြချက်က အချစ်ကြောင့်ပဲ ဖြစ်သင့်ပါတယ်။ ဒီလိုမှမဟုတ်ဘဲ ရယူလိုစိတ်၊ အခွင့်ကောင်းယူလိုစိတ်တွေ ရှိနေမယ်ဆိုရင် အချစ်ရေးတစ်ခုဟာ အဆင်မပြေနိုင်ပါဘူး။ သင့်ချစ်သူဟာ တစ်သက်လုံး သင့်တစ်ယောက်တည်းကိုပဲ ချစ်သွားမယ်၊ သင့်အနားမှာပဲ အမြဲတမ်းရှိနေမယ်လို့ ထစ်ထစ်ချ မယုံကြည်လိုက်ပါနဲ့။ ဘာတွေဆက်ဖြစ်လာမလဲဆိုတာ ကြိုမမြင်နိုင်သေးတဲ့အတွက် ဘဝတစ်ခုလုံးကို ပုံအပ်တာမျိုး မလုပ်မိပါစေနဲ့။
(၃) နားလည်မှုယူပါ
နားလည်မှုဟာ အချစ်ရေးတစ်ခုမှာ အရေးကြီးဆုံးအရာတစ်ခုဖြစ်ပါတယ်။ နားလည်မှုသာ မရှိခဲ့ရင် အချစ်ရေးတစ်ခုဟာ အလွယ်တကူ ပျက်စီးသွားမှာဖြစ်ပါတယ်။ လူတွေဟာ တစ်ယောက်ကိုတစ်ယောက် ချစ်ပြီဆိုတာနဲ့ အတ္တစိတ်တွေ ဖုံးလွှမ်းလာတတ်ပြီး တစ်ယောက်နဲ့တစ်ယောက် လွတ်လပ်ခွင့်ကို တားဆီးပိတ်ပင်တတ်ကြပါတယ်။ အမြဲတမ်းလွတ်လပ်နေရမယ်လို့ မဆိုလိုပေမယ့် တစ်ခါတလေ တစ်ချို့ကိစ္စလေးတွေမှာတော့ နားလည်မှုထားပြီး ခွင့်လွှတ်ပေးလိုက်တာ ကောင်းပါတယ်။
(၄) အပြန်အလှန်အားပေးကူညီခြင်း
အချစ်ရေးတစ်ခုဟာ အမြဲတမ်းသာယာနေမှာတော့ မဟုတ်ပါဘူး။ တစ်ခါတလေ ချစ်သူမှာ အခက်အခဲတွေ၊ ဒုက္ခတွေတွေ့ကြုံနေရတဲ့အချိန်တွေရှိမယ်၊ စိတ်ပင်ပန်း လူပင်ပန်းဖြစ်တဲ့အချိန်တွေ ရှိမယ်၊ စိတ်ဓာတ်တွေ အရမ်းကျတဲ့အချိန်တွေလည်း အများကြီးရှိမှာပါ။ အဲလိုအချိန်တွေမှာ သင့်ဘက်ကနေ အားပေးနှစ်သိမ့်ပေးဖို့ အရမ်းကိုလိုအပ်နေတာဖြစ်ပါတယ်။ စကားတွေအများကြီးနဲ့ နှစ်သိမ့်နေမှာထက်စာရင် သူ့အတွက် သင်အမြဲတမ်းရှိနေတယ် ဆိုတာကို သင့်ရဲ့အပြုအမူအားဖြင့် လက်တွေ့ပြလိုက်တာ အကောင်းဆုံးဖြစ်ပါတယ်။
(၅) လက်ခံပေးပါ
လူတစ်ယောက်ကို ချစ်ပြီဆိုတာနဲ့ ပြောင်းလဲဖို့ အတင်းမကြိုးစားပါနဲ့။ သူ့ရဲ့ အပြုအမူ၊ ဝတ်ပုံစားပုံ၊ စကားပြောပုံတွေ စတဲ့အကျင့်တွေကို အတင်းပြုပြင်ဖို့ မကြိုးစားပါနဲ့။ သူ့ကို သင်စချစ်ကတည်းက သူက ဒီပုံစံပါပဲ။ ဒါကြောင့် သူ့ရဲ့ မူလပုံစံကို သင်အမြဲတမ်းလက်ခံပေးရပါမယ်။ သူကိုယ်တိုင်ပြောင်းလဲချင်လို့ ပြောင်းလဲလိုက်တာမျိုးမှမဟုတ်ရင် သူမဖြစ်ချင်တဲ့အရာ၊ သူမလုပ်ချင်တဲ့ အရာတစ်ခုအတွက် အတင်းကြီးဖိအားပေးတာမျိုး မလုပ်ပါနဲ့။
Credit;Aunty May