လူရယ်လို့ဖြစ်လာရင် သဘာဝတရားကိုမလွန်ဆန်ရဲကြပါဘူး။ အရွယ်ရောက်လာပြီဆိုရင်တော့ကိုယ်နဲ့လိုက်ဖက်မယ့် ချစ်သူကိုရှာကြတာဓမ္မတာပါပဲ။
ကိုယ်ချစ်တဲ့သူကို ရှာတွေ့ဖို့မလွယ်သလို ချစ်သူတွေ့ပြီဆိုရင်လည်းထပ်တူကျဖို့ဆိုတာမလွယ်ကူနိုင်ပါဘူး။ ချစ်သူနှစ်ဦးဟာ ချစ်တာထက် နားလည်မှုရှိမှရေရှည်လက်တွဲသွားနိုင်မှာဖြစ်ပါတယ်။ ချစ်သူနှစ်ဦးရေရှည်တည်မြဲပြီး နှစ်ဦးစလုံးအတွက် ကောင်းမွန်တဲ့ ချစ်သူကိုရှာတွေ့နေပြီဆိုတဲ့ အချက်များကိုဖော်ပြပေးလိုက်ပါတယ်။
စတွေ့တွေ့ချင်းစွဲလန်းခြင်း
ကိုယ်နဲ့သူကအရင်ကတစ်ခါမှမတွေ့ဖူးဘဲနဲ့ ပထမဆုံးစတွေ့တဲ့အချိန်မှာတင် သူ့ရဲ့အပြုအမူတွေက သင့်အတွက်ထူးခြားနေမယ်ဆိုရင် သင်ချစ်သူကိုရှာတွေ့နေပြီလို့သာမှတ်လိုက်ပါ။ သူ့ရဲ့အပြုအမူကို သင့်စိတ်ထဲစွဲလန်းနေမယ်ဆိုရင်တော့ သင်သူ့ကိုမချစ်မိသေးရင်တောင်မှ စိတ်ထဲမှာမှတ်မိနေပြီး သံယောဇဉ်ကြောင့်ချစ်မိသွားနိုင်ပါတယ်။
သံယောဇဉ်ပိုရှိလာခြင်း
သူနဲ့ကိုယ်နဲ့နောက်ပိုင်းတွေ့ပါများလာလေ ပိုပြီးတွေ့ချင်လာလေဖြစ်လိမ့်မယ်။ ပြီးတော့ ခဏခဏတွေ့ချင်လာမယ်၊ နောက်တစ်ရက်ပြီးတစ်ရက်၊ တစ်လပြီးတစ်လ၊ တစ်နှစ်ပြီးတစ်နှစ်ပိုပြီးတွေ့ချင်၊မြင်ချင်လာတယ်ဆိုရင်၊ သင့်ရဲ့အချစ်တွေတဖြည်းဖြည်းနဲ့ပိုပြီးသူ့အပေါ်မှာခိုင်မာလာပြီဆိုရင်တော့ သင်ချစ်တဲ့သူကိုရှာတွေ့နေပြီလို့ယူဆနိုင်ပါတယ်။
နှစ်ဦးအတူပျော်ရွှင်ခြင်း
သင်တို့နှစ်ဦးရဲ့အချစ်ရေးမှာပျော်ရွှင်စရာတွေနဲ့ပြည့်နေတယ်ဆိုရင် ချစ်သူတစ်ယောက်ကိုရှာတွေ့ထားရုံသာမက သင့်ဘဝအတွက်မှန်ကန်တဲ့သူတစ်ယောက်နဲ့သင်ဆုံတွေ့ရနေပြီလို့မှတ်ယူနိုင်ပါတယ်။
အရာရာပြောင်းလဲသွားခြင်း
သင် ချစ်သူကောင်းတစ်ယောက်ရထားပြီဆိုရင် သင့်မိတ်ဆွေ၊ သူငယ်ချင်းတွေနဲ့ သင့်ကိုဝေးကွာစေမှာမဟုတ်ပါဘူး။ ဒါပေမယ့်သင့်နှလုံးသားကိုသူပိုင်ဆိုင်သွားပြီဆိုရင် သင်အရင်ကဦးစားပေးခဲ့တဲ့အရာတွေမှန်သမျှကတော့ ယခုအချိန်မှာ သင့်ချစ်သူပဲ ဖြစ်လာတော့မှာပါ။
အကြိုက်တူခြင်း
နှစ်ယောက်သားအကြိုက်တူတာတွေများပြီး စိတ်ချင်းနီးစပ်တယ်ဆိုတာသိပ်ကိုကောင်းပါတယ်။ မတူတာလေးတွေကိုတော့ ညှိယူလို့ရပါတယ်။ မတူတာထက်တူတာများခြင်းဟာ သင်တို့နှစ်ဦးရဲ့ဆက်ဆံရေးကိုပိုပြီးခိုင်မြဲစေမှာပါ။