အချစ်ဆိုတာ လက်ထဲဆုပ်ကိုင်ထားတဲ့ သဲလိုပဲတဲ့။
တင်းတင်းဆုပ်ကိုင်ထားလေ လက်ကြားထဲက ထွက်ကျလေပဲတဲ့။
အချစ်က လွတ်လပ်မှုကို ကြိုက်တယ်။နှောင်ဖွဲ့မှုတွေ၊တင်းကြပ်မှုတွေကို မနှစ်သက်ဘူး။
တင်းကြပ်လာလေ ရုန်းထွက်ချင်လေပဲ။စဉ်းစားကြည့်လေ။လူတစ်ယောက်ကို ချစ်တယ်ဆိုတာ
ကိုယ့်ဘဝရဲ့ ကောင်းခြင်း၊ဆိုးခြင်းတွေကို မျှဝေခံစားတတ်ဖို့ မဟုတ်လား။
မွန်းကြပ်မှုတွေကို ပြေလျော့ချင်လို့ မဟုတ်လား။
ကိုယ်ဟာ လူတစ်ယောက်ကို ချစ်မိနေပြီ (သို့) ချစ်တော့မယ်ဆိုရင် သေသေချာချာပြန်စဉ်းစားပါ။
ကိုယ့်ကိုယ်ကို ပြန်မေးပါ။"ငါဟာ သူ့ကိုချစ်တာလား။ကိုယ့်ကိုယ်ကို ချစ်နေတာလား"ဆိုတာ။
လူအများစုကတော့ သူ့ကိုချစ်သလိုလိုနဲ့ ကိုယ့်ကိုယ်ကို ပြန်ချစ်နေကြတာပါ။
ကိုယ့်အတ္တကိုယ် ချစ်နေကြတာပါ။အချစ်ဟာ မာယာများတယ်။လှည့်စားတတ်တယ်။
အကယ်၍သာ အချစ်ဟာ စစ်မှန်တယ်ဆိုရင် အသဲကွဲတာတွေ၊ဝမ်းနည်းတာတွေ
၊လမ်းခွဲတာတွေဆိုတာ ရှိလာမှာ မဟုတ်ပါဘူး။"သူမရှိရင် မဖြစ်ဘူး"တဲ့။သူမရှိရင် ဘာဖြစ်သွားမလည်း။
သူမရှိရင် ကိုယ်မပျော်တော့ဘူး။သူရှိမှ ကိုယ်ပျော်တယ်။စဉ်းစားကြည့်ပါ။
ကိုယ်ပျော်ဖို့ သူ့ကို အနားရှိစေချင်တာ။ဒါဟာ သူ့ကိုချစ်တာ မဟုတ်ပါဘူး။ကိုယ့်ကိုယ်ကို ချစ်တာပါ။
သူမရှိရင် ကိုယ်မပျော်မှာကို ကြောက်တာပါ။
<<< Balloon Service များကိုရှာရန်နှိပ်ပါ >>>
တစ်ချို့တွေက သဝန်တိုတာကို အရမ်းချစ်လို့လို့ ဆိုကြတယ်။ကောင်လေးက ကောင်မလေးကို
တခြားယောကျာ်းလေးတွေနဲ့ ရင်းရင်းနှီးနှီးနေတာကို မကြိုက်ဘူး။ကောင်မလေးကလည်း ထိုနည်းတူစွာပဲ။
ကောင်လေးကို တခြားကောင်မလေးတွေနဲ့ ရင်းရင်းနှီးနှီးနေတာကို မကြိုက်ဘူး။သဝန်တိုတယ်။အူတိုတယ်။
နောက်ပိုင်း ရိုးရိုးသားသားစကားပြောတာကိုတောင် မကြိုက်တော့ဘူး။
အစပိုင်းမှာတော့ သဝန်တိုတာလေးကို သဘောကျကောင်းကျနေမှာပါ။
တဖြည်းဖြည်းနဲ့ ကိုယ့်ချစ်သူရဲ့ သဝန်တိုမှုဟာ ကိုယ့်ရဲ့ စီးပွားရေး၊လူမှုရေး၊
ဘဝတိုးတက်ရေးအခွင့်အလမ်းတွေကိုပါ ထိခိုက်လာတဲ့အခါ သဘောထားမတိုက်တိုင်မှုတွေအဖြစ်
အသွင်ပြောင်းသွားပြီး လမ်းခြွဲခင်းကို ရောက်ရှိသွားပါတော့တယ်။တကယ်တော့ သဝန်တိုတယ်ဆိုတာ
ကိုယ့်ချစ်သူကို တကယ်ချစ်လို့မဟုတ်ပါဘူး။ကိုယ့်ကိုယ်ကို ချစ်လို့ပါ။ကိုယ့်ကို အရေးမစိုက်တော့မှာ၊
ကိုယ့်ကိုထားခဲ့မှာတွေကို ကြောက်တာပါ။ကိုယ့်အတ္တကိုယ်ချစ်ပြီး သူ့လွတ်လပ်ခွင့်ကို မုန်းနေတာပါ။
အချစ်ကို "မျှဝေခြင်း"လို့ အဓိပ္ပါယ် ဖွင့်ဆိုကြည့်ပါ။ဒါဆိုရင် အချစ်က အေးချမ်းပါလိမ့်မယ်။
ပျော်ရွှင်ခြင်း၊ဝမ်းနည်းခြင်းတွေကို မျှဝေခံစားပါ။
အချစ်က ခွင့်လွှတ်ခြင်း၊နားလည်ခြင်းတွေကိုလည်း နှစ်ခြိုက်တယ်။
လူတစ်ယောက်ဟာ ကိုယ့်ကို သည်းသည်းလှုပ် ချစ်ပြနေသူတစ်ယောက်ကို သဘောကျလိမ့်မယ်
ဒါမှမဟုတ် ပြန်ချစ်ရင်ချစ်မိလိမ့်မယ်။ဒါပေမယ့် နောက်ဆုံးသူတကယ်လိုချင်တာဟာ
သူ့ကိုနားလည်ပေးနိုင်တဲ့လူတစ်ယောက်ကိုပဲ ဖြစ်လိမ့်မယ်။
အချစ်ဟာ ငှက်ကလေးတွေလိုပဲ။လှောင်ချိုင့်ထဲမှာထည့်ပြီး အစာရေစာ ဝဝလင်လင်ကျွေးထားပေမယ့်
ထွက်ပေါက်ရတဲ့တစ်နေ့တော့ ဟိုးအဝေးကြီးကို ပြန်ထွက်သွားမှာပဲ။
ဘာအနှောင်အဖွဲ့မှမရှိဘဲ ငှက်ကလေးတွေကို မြေပြင်မှာ လွတ်လွတ်လပ်လပ်
ဆန်လက်တစ်ဆုပ်စာလောက်ပဲ နေ့စဉ်ပတ်ကျွေးပေး။နောက်ဆုံး ငှက်ကလေးတွေဟာ
သင့်ပခုံးပေါ်တက်၊သင့်နားနားကပ်ပြီး သီချင်းဆိုပြပါလိမ့်မယ်။
အချစ်ဆိုတာ ငှက်ကလေးတွေလိုပဲ လွတ်လပ်တာကို ကြိုက်တယ်။
Source: အလင်းသစ်(သဲကုန်း)