အိမ်ထောင်သည်လင်မယားတွေကြား ဘာကြောင့် မကြာခဏရန်ဖြစ်ရတာလဲဆိုတဲ့မေးခွန်းကို အချစ်ရေးကျွမ်းကျင်ပညာရှင်တွေက
သူတို့ရဲ့သုတေသနလေ့လာတွေ့ရှိချက်တွေအရ အဖြေပေးခဲ့ပါတယ်။ အကြောင်းရင်း (၄) ချက်ရှိပါတယ်တဲ့။ ဒီအကြောင်းရင်းတွေကို မပြင်နိုင်ရင်တော့ အိမ်ထောင်ရေးကို ရှေ့ဆက်သွားဖို့မဖြစ်နိုင်လောက်ဘူးလို့လည်း အဆိုပါပညာရှင်တွေက ဆိုပါတယ်။
Read More: အိမ်ထောင်ရေးပဋိပက္ခတွေကိုဖြေရှင်းရန်အတွက်အကြံပြုချက်(၅)ချက်
ဖောက်ပြန်ခြင်း
အိမ်ထောင်ရေးဖောက်ပြန်တယ်ဆိုတာ အဆိုးရွားဆုံးပြစ်ချက်တစ်ခုပါပဲ။ အိမ်ထောင်သည်တွေကြား မကြာခဏရန်ဖြစ်ရခြင်းအဓိကအကြောင်းရင်းဆိုလည်း မှားမယ်မထင်ပါဘူး။ တစ်ဦးနဲ့တစ်ဦး နားလည်မှုတွေ၊ သစ္စာတွေမရှိတော့တဲ့ အိမ်ထောင်ရေးဟာ ရှေ့ဆက်ဖို့အတွက် ဘယ်လိုမှမဖြစ်နိုင်တော့ပါဘူး။
အိမ်မှုကိစ္စများ
အိမ်ထောင်ပြုပြီးလို့ နှစ်ဦးတည်းအတူတူနေပြီဆိုရင် တစ်အိမ်လုံးရဲ့အိမ်မှုကိစ္စက နှစ်ဦးစလုံးနဲ့သက်ဆိုင်သွားပါပြီ။ ဇနီးသည်တစ်ဦးတည်းကပဲ အိမ်မှုကိစ္စအကုန်လုံးကိုလုပ်ရမယ်ဆိုတဲ့ ခေတ်ကမရှိတော့ပါဘူး။ အခုခေတ်မှာ ဇနီးသည်တွေကလည်း အပြင်ထွက်ပြီး အလုပ်လုပ်ကိုင်နေပြီဖြစ်တဲ့အတွက် အိမ်မှုကိစ္စတာဝန်များကို ဇနီးမောင်နှံနှစ်ဦးစလုံးခွဲဝေလုပ်ကိုင်သင့်ပါတယ်။ နှစ်ယောက်သား တွက်ကပ်ပြီး နင်လုပ်၊ ငါလုပ် လုပ်နေရင်တော့ သင်တို့နှစ်ယောက်နေတဲ့အိမ်ဟာ သန့်ရှင်းသာယာပြီး ကျက်သရေရှိတဲ့အိမ်ဖြစ်လာမှာမဟုတ်ပါဘူး။ ဒီလိုတွက်ကပ်မှုတွေကြောင့်လည်း အိမ်ထောင်သည်တွေဟာ ပြဿနာမကြာခဏတတ်နေရပါတယ်။
ဆိုရှယ်မီဒီယာ
အိမ်ထောင်သည်တွေ မကြာခဏစကားများရတဲ့အကြောင်းရင်းတွေထဲမှာ ဆိုရှယ်မီဒီယာလို့ခေါ်တဲ့ ဖေ့စ်ဘုတ်၊ အင်စတာဂရမ် စတာတွေကို အလွန်အကျွန်အသုံးပြုခြင်းကြောင့်လည်းပါဝင်တယ်လို့သိရပါတယ်။ အဆိုပါ ပြဿနာဖြစ်ပွားမှုကိုတော့ အသက် ၂၀ ကျော် ၃၀ ကျော် အိမ်ထောင်သည်များမှာ အများဆုံးတွေ့ရတယ်လို့သိရပါတယ်။ ဖုန်းကိုလက်ကမချဘဲ တစ်နေကုန်အွန်လိုင်းသုံးနေတာမျိုးတွေကြောင့် တစ်ဦးနဲ့တစ်ဦး အရေးကြီးတဲ့အကြောင်းအရာတွေကို ဆွေးနွေးတိုင်ပင်ချိန်မရှိဘဲ အနေနီးနေပေမယ့် စိတ်ချင်းဝေးသွားတာမျိုးတွေ ရှိတတ်တယ်လို့သိရပါတယ်။
ငွေရေးကြေးရေး
ငွေကြေးအခက်အခဲကြောင့် အိမ်ထောင်ရေးမှာ ပဋိပက္ခဖြစ်တာမျိုးတွေဟာ မကြာခဏတွေ့မြင်နေရပါတယ်။ ဇနီးမောင်နှံအချို့မှာတော့ တစ်ဦးက စုဆောင်းတတ်တဲ့သူဖြစ်ပြီး တစ်ဦးက အသုံးအဖြုန်းကြီးတဲ့သူ ဖြစ်လေ့ရှိပါတယ်။ ဒီလိုအခြေအနေမျိုးဆိုရင်တော့ နှစ်ဦးစလုံးညှိနှိုင်းဖို့လိုပါတယ်။ ငွေကြေးစုဆောင်းတဲ့အကျင့်က ကောင်းပေမယ့် လိုအပ်တဲ့နေရာမှာတော့သုံးကိုသုံးမှဖြစ်ပါမယ်။ အသုံးအဖြုန်းကြီးတဲ့သူကလည်း ငွေကိုရေလို နေရာတိုင်းမှာမသုံးပဲ ကုန်သင့်တဲ့နေရာမှာပဲ ကုန်အောင်စနစ်တကျသုံးစွဲသင့်ပါတယ်။ ဒါမှ ငွေရေးကြေးရေးနဲ့ပတ်သက်ပြီး ဇနီးမောင်နှံတွေကြားမှာ စကားများရန်ဖြစ်မှုတွေကနေ ကင်းဝေးမှာဖြစ်ပါတယ်။
Author – Nyi Min Khant