ပန်းအလှဆင်တာက မင်္ဂလာပွဲလေးကို ပိုပြီးလှပစေတာကြောင့် မပါမဖြစ်တဲ့အရာလို့ ဆိုရမှာပါ။
ပန်းလေးတွေဆိုတာ ဘယ်လိုနေရာလေးမှာပဲ ရှိနေရှိနေ သူရှိနေတဲ့ နေရာလေးကို ပိုပြီးလှသွားစေတဲ့ အစွမ်းသတ္တိတွေ ရှိပါတယ်။ ဒါကြောင့် မင်္ဂလာပွဲလေး ပိုလှသွားဖို့ ဆိုတာကလည်း ပန်းလေးတွေရဲ့ အကူအညီ အများကြီး လိုအပ်ပါတယ်။ ဒါပေမယ့် ပန်းအပြင်အဆင်မှာ ငွေကြေးအမြောက်အများ မသုံးစွဲချင်ဘူးဆိုရင်တော့ ဒီအချက်လေးတွေ လုပ်ဆောင်ပေးဖို့ လိုပါတယ်။
ပန်းလေးတွေကို အမျိုးစုံအောင် ရောသုံးပါ
သတို့သမီးလေးတို့မှာ အကြိုက်ဆုံး ပန်းလေးတွေ ရှိနိုင်ပါတယ်။ ဒါပေမယ့် ပန်းကို တစ်မျိုးတည်း သုံးတာထက် နှစ်မျိုး၊ သုံးမျိုး ရောသုံးတာက ပွဲအပြင်အဆင်ကို ပိုပြီး လှပစေသလို ငွေကုန်ကြေးကျကိုလည်း ပိုပြီး ချွေတာနိုင်ပါတယ်။ ဥပမာ ပြောပြရရင် သစ်ခွပန်းချည်းပဲ အများကြီးသုံးတာထက် သစ်ခွပန်းနဲ့ နှင်းဆီပန်းကို ခွသုံးမယ် ဆိုရင် ကုန်ကျစရိတ်က တစ်ဝက်လောက် သက်သာမှာပါ။
ရာသီပေါ်ပန်းသုံးပါ
ပန်းလေးတွေမှာ သူ့ရာသီနဲ့သူ ရှိပါတယ်။ ရာသီအလိုက်ပေါ်တဲ့ ပန်းလေးတွေ သုံးမယ်ဆိုရင် ငွေကုန်ကြေးကျ နည်းတဲ့အပြင် ပန်းတွေကို လတ်လတ်ဆတ်ဆတ်နဲ့ ပေါပေါများများလည်း ရနိုင်ပါတယ်။
ကျွမ်းကျင်တဲ့ ပန်းအလှဆင် ပညာရှင် သုံးပါ
ကျွမ်းကျင်တဲ့ ပညာရှင်ဆိုတော့ ဝန်ဆောင်ခက သာမန်သူတွေထက် ပိုများမှာပါ။ ဒါပေမယ့် ကိုယ့်ရဲ့ ပွဲအတွက် အလှဆင်ပေးမယ့် ပညာရှင်က ပန်းနဲ့ ပတ်သက်ပြီး စေ့စေ့စပ်စပ် သိတဲ့အတွက် ပန်းတွေကို ဘယ်လို ထိန်းသိမ်းရမယ် ဆိုတာမျိုးနဲ့ ရနိုင်တဲ့ ပန်းတွေနဲ့ ဘယ်လို အလှဆင်ရမယ် ဆိုတာ သေချာသိပါတယ်။ အဲ့ဒါကြောင့်မို့ ပန်းတွေကို မထိန်းသိမ်းတတ်လို့ ငွေပိုကုန်တာတွေ၊ လိုတာထက် ပိုပြီး ပန်းတွေဝယ်မိလို့ မလိုအပ်ဘဲ ကုန်တာတွေကို ရှောင်ရှားနိုင်မှာပါ။
အသေးစားပန်းအပြင်အဆင်ကို Handmade ပြုလုပ်ပါ
သတို့သား၊ သတို့သမီးထိုးမယ့် ရင်ထိုးပန်းတွေ၊ နှစ်ဖက်မိဘထိုးမယ့် ရင်ထိုးပန်းတွေနဲ့ စားပွဲတင်ပန်းအိုးတွေနဲ့ သတို့သမီး လက်ကိုင်ပန်းတွေက Handmade ပြုလုပ်လို့ ရပါတယ်။ YouTube မှာ တင်ထားတဲ့ Tutorial တွေကို ကြည့်ပြီး လိုက်လုပ်မယ်ဆိုရင်တော့ ဒီအတွက်လည်း ငွေရေးကြေးရေး ချွေတာနိုင်မှာပါ။
Author; NLP