မင်္ဂလာပွဲထွက်စီစဉ်မယ့် သတို့သား၊ သတို့သမီးတွေကတော့ ကုန်ကျစရိတ်တွေထဲမှာ သတို့သား၊ သတို့သမီးအရံတွေကိုလည်း
ထည့်သွင်းစဉ်းစားရမှာပဲ ဖြစ်ပါတယ်နော်။ သတို့သားအရံ၊ သတို့သမီးအရံတွေအတွက် ဝတ်စုံ၊ ဖိနပ်နဲ့ မိတ်ကပ်ပြင်ဆင်စရိတ်တွေလည်းကုန်ကျမှာပါ။ ဒီထဲကမှ ဝတ်စုံဖိုးအတွက် ကုန်ကျစရိတ် ချွေတာနိုင်မယ့် နည်းလမ်းလေးတွေလည်း ရှိပါတယ်။
အငှား
မင်္ဂလာဝတ်စုံဆိုင် တော်တော်များများမှာ သတို့သား၊ သတို့သမီးအရံတွေအတွက် ဝတ်စုံတွေလည်းရှိပါတယ်။ သူတို့ဆီကနေပဲ ကိုယ့်ရဲ့ မင်္ဂလာဝတ်စုံနဲ့ လိုက်ဖက်တဲ့ ဝတ်စုံတွေကို ငှားလို့ ရပါတယ်နော်။ ဒါဆိုရင်တော့ ကုန်ကျစရိတ်က ထက်ဝက်သက်သာနိုင်ပါတယ်။ ကိုယ်က ဆိုင်တွေတော့ သေချာရှာတတ်ဖို့ လိုပါတယ်။
ဒီဇိုင်း
သတို့သား၊သတို့သမီးအရံ ဝတ်စုံမှာ စီးကွင့်တွေ အများကြီး ထိုးတာ၊ ဒီဇိုင်းအဆန်းတွေ ဖန်တီးတာက ဝတ်စုံအတွက် ကုန်ကျစရိတ် ပိုပြီးများနိုင်ပါတယ်။ ဒီတော့ သတို့သမီးရဲ့ အရောင်နဲ့ လိုက်ဖက် ကိုက်ညီတဲ့ အရောင်ကိုပဲရွေးချယ်ပြီး ဒီဇိုင်းကိုတော့ ရိုးရိုးရှင်းရှင်းလေးပဲ ချုပ်ပါ။ ဒီလိုဆိုရင်တော့ ဝမ်းဆက်ကိုမှ (၃) သောင်းခွဲဝန်းကျင်လောက်ကနေ စပြီး ရွေးချယ်လို့ ရမှာပါ။ သတို့သားအရံဆိုရင်လည်း တိုက်ပုံတွေက ငှားလို့ ရတယ်လေနော်။ ပုဆိုးကိုလည်း သောင်းဂဏန်းဝန်းကျင်ထဲကပဲ ရှာဝယ်လို့ ရပါတယ်နော်။ ဒါဆိုရင်တော့ ကုန်ကျစရိတ် နည်းသွားမှာပါ။
ဝတ်စုံစရိတ်သတ်မှတ်ပါ
အရံလေးတွေအတွက် ဝတ်စုံစရိတ် သက်သာစေချင်တယ်ဆိုရင်တော့ ဘယ်လောက် ကုန်ကျခံနိုင်မယ်ဆိုတာက သတ်မှတ်ထားပါနော်။ တချို့က အရံလေးတွေကိုလည်း လှစေချင်တဲ့စိတ်နဲ့ ကုန်ကျစရိတ်တွေ ပိုကုန်ကျခံမိတာမျိုး ဖြစ်တတ်ပါတယ်။ဒီလိုမဖြစ်ရလေအောင် ဝတ်စုံစရိတ်ကို သေချာ သတ်မှတ်ပြီး အဲဒီစရိတ်အတိုင်း ဆောင်ရွက်ပါ။
ပွင့်လင်းပါ
စုံတွဲလေးတို့ရေ ကိုယ်က Budget မင်္ဂလာပွဲလေးဆိုရင်တော့ ကုန်ကျစရိတ်နဲ့ ပတ်သက်ပြီး ပွင့်လင်းတာမျိုးက ပိုကောင်းပါတယ်။ သတို့သားနဲ့သတို့သမီးအရံတွေဆိုတာက ကိုယ့်ရဲ့အရင်းနှီးဆုံးတွေပဲ မဟုတ်လားနော်။ သေချာလေး နားလည်အောင် ပွင့်ပွင့်လင်းလင်း ပြောပြထားမယ်ဆိုရင် နှစ်ဦးနှစ်ဖက် အဆင်ပြေမှာပါ။ ဒါကြောင့် ကုန်ကျစရိတ်ကို ပေးသိထားပါ။
မင်္ဂလာပွဲထွက်ကျင်းပမယ့် စုံတွဲလေးတို့အနေနဲ့ ဒီအချက်(၄) ချက်ကို သေချာလေး ဆောင်ရွက်မယ်ဆိုရင်တော့ စီစဉ်ထားသမျှထဲမှာ ကုန်ကျစရိတ်မှာ အနည်းဆုံးက အရံတွေရဲ့ဝတ်စုံကုန်ကျစရိတ် ဖြစ်မှာပါနော်။
Credit : Marry