ရည်းစားဦးကို မြေးဦးရသည်အထိ မမေ့ဘူးဆိုတဲ့ စကားပုံလည်းရှိသလို အများကလည်း အချစ်ဆုံးနဲ့ ဘယ်လောက်ချစ်ချစ်
ရည်းစားဦးကိုမမေ့နိုင်ဘူးလို့လည်း ဆိုကြတယ်လေ။ အဲဒီစကားက မှန်တယ်ထင်လား။ အချစ်ဦးကို အချစ်ဆုံးရှိနေတာတောင် သတိရနေမိသေးလား။ အချစ်ဦးနဲ့ ဆုံမိတာနဲ့ ဒါမှမဟုတ် အချစ်ဦးအကြောင်း တွေးမိလိုက်တာနဲ့ ဘယ်အသက်အရွယ်အထိရောက်ရောက် ရင်ခုန်သံတွေ မြန်လာတာပဲဆိုတာမျိုး ဖြစ်ဖူးကြုံဖူးလား။
ကိုယ့်အတွက်ကတော့ အဲဒါတွေက မမှန်ဘူးလို့ ထင်တယ်။ ဆယ်ကျော်သက်တုန်းက ရင်ခုန်ဖူးတဲ့ အချစ်ဦးတော့ ရှိခဲ့တာပေါ့။ ဒါပေမဲ့ အခုအခါ သူ့အကြောင်းတွေးမိတာနဲ့ ရင်ခုန်သံမြန်လာဖို့ မပြောနဲ့ စိတ်ကူးထဲက သူ့ပုံရိပ်ဆိုတာတောင် ခပ်ဝါးဝါးပါပဲ။ တွေ့မိ၊ ဆုံမိရင်လည်း ရင်ခုန်သံမြန်ဖို့ထက် အရင်က ရူးခဲ့မိတာတွေ ပြန်တွေးမိပြီး ရယ်ချင်နေမိမယ် ထင်ပါရဲ့။ ဘာကြောင့် ဒီလိုတွေ ဖြစ်ရလဲတွေးမိတဲ့အခါ အချစ်ဦး နဲ့ အချစ်ဆုံးတို့ကြားက မတူတဲ့အချက်လေးတွေကို စဉ်းစားမိလာတယ်လေ။ ဒီအချက်လေးတွေကို သိရအောင်ပြောပြပေးမယ်လေနော်။
အချစ်ချင်း မတူဘူး
အချစ်ဦးကို ချစ်ခဲ့တုန်းက အရူးအမူးနဲ့ စွဲစွဲလန်းလန်း ချစ်ခဲ့မိတာမျိုးလေ။ ဘာကြောင့် ချစ်တာလဲလို့ မေးကြည့်ရင်လည်း သူက ချစ်စရာကောင်းလို့ ရင်ခုန်ပြီးချစ်တာ၊ သူရဲ့ ပုံစံလေးကို စွဲလမ်းမိနေလို့ ချစ်တာ ဆိုတာထက် ဖြေစရာမရှိပါဘူး။ အချစ်ဆုံးကိုတော့ ဘာကြောင့် ချစ်တာလဲဆိုရင် ဖြေစရာတွေက အများကြီးပါ။ အချစ်ဆုံးကို ချစ်မိတာကတော့သူ့ရဲ့ပုံပန်းသဏ္ဍာန်ကလည်း အနည်းအကျဉ်းပါသလို၊ သူ့ရဲ့ ကိုယ့်အပေါ်ထားတဲ့ စိတ်ထားကိုချစ်မိတာ၊ ကိုယ့်အပေါ် အနွံတာခံနိုင်တာကို ဝမ်းသာပြီးချစ်တာ အစရှိသဖြင့်ပေါ့။ ပြောစရာတွေကတော့ အများကြီးပါပဲ။ အကြောင်းပြချက် တစ်ခုမှ မရှိဘဲ ချစ်မိတာတောင် ဖြစ်နိုင်သေးတယ်လေ။
စွဲလမ်းစိတ် ကွာခြားတယ်
အချစ်ဦးဆိုတာတော့ ကိုယ်တော်တော်စွဲလမ်းခဲ့ရတဲ့သူပါ။ သူ့ရဲ့ အပြုံးလေးတစ်ခုက ကိုယ့်အိပ်မက်ထဲ စိုးမိုးနေခဲ့တာမျိုး၊ သူ့နဲ့ နူးညံ့တဲ့ အနမ်းလေးကို တသသဖြစ်နေမိတာမျိုး၊ သူ့ကို မတွေ့ရရင် မနေနိုင်အောင် စွဲလမ်းနေတာမျိုးပေါ့။အချစ်ဆုံးကိုတော့ မတွေ့ရ မနေနိုင်လို့ ဆိုရအောင် စွဲလမ်းစိတ်တော့ နည်းပါတယ်။ မတွေ့ရတာ ကြာရင်တော့ လွမ်းမိပေမဲ့ တကယ်တမ်းတော့ မတွေ့ဖြစ်တဲ့နေ့တွေမှာ သူလည်း သူ့အလုပ်သူလုပ်၊ ကိုယ်လည်း ကိုယ့်အလုပ်ကိုယ်လုပ်ရင်း ဖြတ်သန်းကြရတာပါပဲ။ ဒါက အသက်အရွယ်ကြောင့်လည်း ဆိုင်မယ်ထင်တယ်နော်။
သံယောဇဉ်ကွာခြားတယ်
အချစ်ဦးကို စွဲလမ်းမိတာကလွဲရင် အခုအချိန်မှာ ပြန်တွေးမိတော့ သူနဲ့ ကိုယ်နဲ့ကြားမှာ ထူးထူးခြားခြား သံယောဇဉ်တွယ်စရာရယ်လို့လည်း မရှိဘူးထင်ပါတယ်။ ရင်ခုန်ရတာ တစ်ခုတော့ရှိတာပေါ့။ မိဘတွေရဲ့ အုပ်ချုပ်မှုအောက်မှာ တင်းတင်းကြပ်ကြပ်စောင့်ရှောက်ခံရတဲ့အရွယ်ဖြစ်နေတော့ အတူရှိရတဲ့ အချိန်ကနည်းပြီး ခိုးကြောင်ခိုးဝှက် ခဏတာ တွေ့ခဲ့ရတာ ဆိုတော့လေ (အများအားဖြင့် ဖြစ်တတ်တာကို ပြောတာပါ၊ မတူတာတွေလည်း ရှိတာပေါ့)။ အချစ်ဆုံးနဲ့ လက်တွဲတဲ့အချိန်မှာတော့ အရွယ်ရောက်လာပြီမို့ မိဘတွေကလည်း ပြောနေဆိုနေတာမျိုး သိပ်မရှိ၊ လွတ်လွတ်လပ်လပ်လည်းတွေ့ရ၊ အတူရှိချိန်တွေလည်း ပိုများလာတယ်၊ အသက်အရွယ်အလိုက် ဘဝရဲ့ အခက်အခဲတွေကို အတူတူဖြေရှင်းရတာလည်း ရှိလာတယ်ဆိုတော့ ဒီအခြေအနေတွေက သံယောဇဉ်ကြိုးတွေကို ပိုခိုင်မြဲလာစေတယ်ထင်ပါရဲ့။
အချစ်ဦးနဲ့ပဲ ချစ်၊ အချစ်ဦး နဲ့ပဲ ဖူးစာဆုံကြသူတွေကလည်း တစ်မျိုးပျော်စရာကောင်းသလို၊ အချစ်ဦး နဲ့ ဆုံဆည်းခွင့်မရပေမဲ့ အချစ်ဆုံးနဲ့ ဆုံစည်းခဲ့ရသူတွေကလည်း ပျော်စရာကောင်းတာပါပဲ။ အချစ်ဦးပဲ ဖြစ်ဖြစ် အချစ်ဆုံးပဲဖြစ်ဖြစ် ကိုယ့်အပေါ် ချစ်ခင်ကြင်နာတတ်တဲ့ လက်တွဲဖော်၊ ကိုယ့်အပေါ် နားလည်မှု အပြည့်ရှိတဲ့သူကတော့ ကိုယ့်အတွက် အကောင်းဆုံးပဲ မဟုတ်လား။
Credit : For Her Myanmar