လွန်ခဲ့တဲ့ ၃ လခန့်က မင်္ဂလာနှစ်ပတ်လည် ၄၇ နှစ်ပြည့်ခဲ့တဲ့ မြောက်ကယ်ရိုလိုင်းနားပြည်နယ်က အဘိုးအဘွား စုံတွဲရဲ့
ချစ်ခင်နှစ်သက်ဖွယ်ကောင်းတဲ့ မင်္ဂလာနှစ်ပတ်လည်ဓာတ်ပုံတွေဟာ အွန်လိုင်းမှာလူပြောများခဲ့ပါတယ်။
မာဗင် နဲ့ ၀မ်ဒါဘရူဝင်တန် တို့ရဲ့မင်္ဂလာသက်တမ်းဟာ ကြာမြင့်ခဲ့ပြီဖြစ်သလို သူတို့နှစ်ဦးစလုံးဟာ ကင်ဆာရောဂါကိုခံစားနေရတာဖြစ်ပါတယ်။
အဆိုပါအသက် ၇၀ နှင့် ၆၇ နှစ်အရွယ်စုံတွဲရဲ့မင်္ဂလာနှစ်ပတ်လည်ဓာတ်ပုံတွေဟာ အွန်လိုင်းမှာအများသူငါစိတ်ဝင်စားစေခဲ့ပါတယ်။ သူတို့ရဲ့သမီးဖြစ်သူ အမ်ဘာရော်ဘင်ဆင် ကအဆိုပါဓာတ်ပုံတွေကိုရိုက်ကူးခဲ့ပြီး သူမရဲ့ဖေ့စ်ဘွတ်အကောင့်မှာတင်ခဲ့တာဖြစ်တယ်လို့သိရပါတယ်။
ရော်ဘင်ဆင်ရဲ့ဖေ့စ်ဘွတ်ပို့စ်အရ ထိုဇနီးမောင်နှံဟာ သားသမီးရတနာ ၂ ဦးထွန်းကားခဲ့ပြီး တစ်ဦးနဲ့တစ်ဦးဖေးမကူညီရင်း သူတို့ရဲ့ချို့တဲ့ တဲ့ဘ၀ကိုဖြတ်သန်းခဲ့ရတယ်လို့သိရပါတယ်။
“ ကျွန်မသူတို့နှစ်ယောက်ကို အဖေနဲ့အမေ လို့ခေါ်ရတဲ့အတွက်အရမ်းကိုဂုဏ်ယူမိပါတယ်”
“ ကျွန်မရဲ့အိမ်ထောင်ရေးအတွက်လည်း သူတို့ကစံနမူနာပါပဲ။ ပြီးတော့ မင်္ဂလာပွဲဆိုတာ နေ့တစ်နေ့သာဖြစ်ပြီး လက်ထပ်ခြင်းဆိုတာကတော့ ထာဝရဖြစ်တယ်လို့ အဖေနဲ့အမေ ကသက်သေပြနေပါတယ်”
“ တကယ်လို့သင်ဟာ ကမ္ဘာပေါ်မှာရှိတဲ့ လူသန်းပေါင်းများစွာထဲက အချစ်နဲ့ထိတွေ့ဖူးတဲ့သူတစ်ယောက် ဒါမှမဟုတ် အသည်းကွဲပြီး အချစ်ရဲ့စွမ်းအားကို မြင်တွေ့ဖို့လိုအပ်နေတဲ့လူတစ်ယောက်ဆိုရင် ကျွန်မ အဖေနဲ့အမေရဲ့ဓာတ်ပုံတွေကိုကြည့်ပြီး ခွန်အားတွေရရှိစေချင်ပါတယ်။ အဖေနဲ့အမေ ဟာအချစ်ကိုလိုအပ်နေသူ၊ အချစ်ကိုယုံကြည်သူ၊ အချစ်နဲ့ထိတွေ့ခံစားနေရသူတို့အတွက် အားကျအတုယူစရာ စံနမူနာပါပဲ” လို့ ရော်ဘင်ဆင် ကသူမရဲ့ဖေ့စ်ဘွတ်အကောင့်မှာ ဖော်ပြခဲ့ပါတယ်။
၁၉၇၃ ခုနှစ်မှာ မာဗင် ဟာ ခန္ဓာကိုယ်ရှိအသားအမျှင်များခက်မာတဲ့ရောဂါရရှိခဲ့ပြီး ၄ နှစ်အကြာမှာတော့ အူမကင်ဆာဖြစ်ပွားနေပြီလို့သိရှိခဲ့ရပါတယ်။
၂၀၁၃ ခုနှစ်မှာတော့ ဆရာဝန်တွေက မာဗင် မှာဆီးကျိတ်ကင်ဆာရှိနေတယ်လို့အသိပေးခဲ့ပြီး နောက်ထပ် ၁ နှစ်အတွင်းမှာပဲ မာဗင်ရဲ့ဇနီး ၀မ်ဒါဟာ အကြောအားနည်းပြီး ခြေတုန်လက်တုန်တဲ့ရောဂါကိုခံစားနေရတယ်လို့သိရပါတယ်။
ဒါပေမယ့် အဆိုပါရောဂါတွေဟာ သူတို့နှစ်ဦးရဲ့ချစ်ခြင်းကိုတော့ဘယ်လိုမှ မရပ်တန့်နိုင်ခဲ့ပါဘူး။
Author – Nyi Min Khant