ပြီးခဲ့တဲ့နှစ်က လန်ဒန်မြို့တောင်ဘက်ပိုင်း မှာနေထိုင်တဲ့ အသက် ၃၇ နှစ်အရွယ်ရှိ လီနာဒါးလ်ဘက် ဆိုတဲ့အမျိုးသမီးတစ်ယောက်ဟာ
Whatsapp လို့ခေါ်တဲ့ ဆိုရှယ်မီဒီယာဆော့ဖ်ဝဲလ်တစ်ခုကနေ ပေးသူအမည်မသိမက်ဆေ့ခ်ျတစ်စောင်ကိုရရှိခဲ့ပါတယ်။ အဆိုပါမက်ဆေ့ခ်ျကို လန်ဒန်မြို့တောင်ဘက်ပိုင်းမှာပဲနေထိုင်တဲ့ အသက် ၄၄ နှစ်အရွယ်ရှိ မိုက်ကယ်အီဗန်ဂယ်လူ ဆိုတဲ့အမျိုးသားက မှားယွင်းပြီးပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။
မိုက်ကယ်က သူ့ရဲ့ကိုယ်ပိုင်ဖုန်းနံပါတ်နောက်တစ်လုံးကို ပေးပို့ခဲ့ခြင်းဖြစ်ပါတယ်။ “နံပါတ်မှားပြီးပို့လိုက်တာထင်တယ်၊ ဒါဘယ်သူပါလဲ” ဆိုတဲ့မက်ဆေ့ခ်ျကိုပြန်လည်ရရှိလိုက်တဲ့အချိန်မှာ မိုက်ကယ်က အံ့သြမှင်သက်သွားပါတော့တယ်။ သူကိုယ်တိုင်မှားယွင်းပြီးပို့လိုက်တာကိုသိရှိပြီးတဲ့နောက်မှာတော့ ဘယ်လိုအဖြစ်အပျက်တွေဖြစ်ခဲ့တယ်ဆိုတာကို သူတို့နှစ်ယောက် Whatsapp မှာအပြန်အလှန်စကားပြောဆိုခဲ့ကြပါတယ်။
“ကျွန်မတို့ဆက်တိုက်ချက်တင်လုပ်နေခဲ့ပါတယ်၊ ကျွန်မက Single မဟုတ်ဘူးဆိုရင်ဒီလိုတွေပြောနေမိမှာမဟုတ်ပါဘူး၊ သူ့ရဲ့ Whatsapp Profile ကပုံကလည်းစွဲဆောင်မှုရှိတာကြောင့်လည်းပါပါတယ်” လို့ လီနာကပြောဆိုခဲ့ပါတယ်။
သူတို့စုံတွဲဟာ ပထမဆုံးမက်ဆေ့ခ်ျမှားယွင်းပြီးပို့တဲ့အချိန်ကစပြီး လေးနာရီအကြာမှာ ၀ါတာလူးမြို့မှာ တွေ့ဆုံခဲ့ကြပါတယ်၊ အဲ့ဒီညမှာပဲ သူတို့အနမ်းတွေခြွေခဲ့ကြပြီး နောက်တစ်နေ့ နေ့လည်စာစားဖို့ပြန်လည်ချိန်းဆိုခဲ့ပါတယ်။
သတို့ရဲ့အချစ်ခရီးလမ်းဟာ ဖြောင့်ဖြူးခဲ့ပြီး သူတို့စတင်ချစ်ကြိုက်ပြီးနှစ်ပတ်အကြာမှာတော့ မိုက်ကယ်က လက်ထပ်ခွင့်တောင်းခဲ့ပါတယ်တဲ့။
“ကျွန်မတို့မှာရှိတဲ့စိတ်ကူးယဉ်အိပ်မက်တွေအကြောင်းပြောရင်းနဲ့ ဒူဘိုင်းမှာနေထိုင်ဖို့ကျွန်မအမြဲတမ်းစိတ်ကူးယဉ်နေခဲ့တဲ့အကြောင်း မိုက်ကယ်ကိုပြောပြခဲ့ပါတယ်၊ မိုက်ကယ်က ဒါဆို ငါတို့အတူသွားကြတာပေါ့တဲ့၊ ဒူဘိုင်းဟာ အစ္စလာမ်နိုင်ငံဖြစ်တဲ့အတွက် ငါတို့သွားနေမယ်ဆိုရင် လက်ထပ်ပြီးမှနေလို့ရမှာဖြစ်တဲ့အကြောင်း ကျွန်မသူ့ကိုပြောပြခဲ့ပါတယ်၊ အံ့အားသင့်စရာကောင်းလောက်အောင်ပဲ သူက ဒါဆိုငါတို့လက်ထပ်ကြတာပေါ့တဲ့၊ ကျွန်မသူ့ကိုသေချာလားလို့မေးတော့ သေချာတာပေါ့တဲ့၊ ငါ့ဘ၀ရဲ့ကျန်ရှိနေတဲ့အချိန်တွေကို မင်းနဲ့အတူတူကုန်ဆုံးချင်တယ် လီနာတဲ့၊ ကျွန်မတို့အိမ်မှာ တီဗီထိုင်ကြည့်နေတာဖြစ်ပေမယ့် အဲ့ဒီအခိုက်အတန့်လေးဟာ အရမ်းကို ချစ်ကြည်နူးစရာကောင်းခဲ့ပါတယ်၊ ပြီးတော့ ကျွန်မစိတ်ကသူ့ကို လက်ထပ်ချင်နေတာကိုလည်း သတိထားမိခဲ့ပါတယ်။” လို့ လီနာက ပြန်လည်ပြောပြခဲ့ပါတယ်။
သူတို့စုံတွဲဟာ ဒီဇင်ဘာလ ၇ ရက်နေ့မှာတော့ လန်ဒန်မြို့အနောက်တောင်ဘက်က Modern Park House ဆိုတဲ့နေရာမှာ မင်္ဂလာပွဲပြုလုပ်ခဲ့ပါတယ်။ သူတို့နှစ်ဦးစလုံးရဲ့မိဘတွေကလည်း သဘောတူညီခဲ့ကြပြီး သူငယ်ချင်းအချို့ကတော့ သူတို့နှစ်ဦးကြားဘာတွေဖြစ်ခဲ့မှန်းမသိသေးပါဘူးတဲ့။
မတ်လ မှာတော့ လီနာရဲ့စိတ်ကူးယဉ်အိပ်မက်ဖြစ်တဲ့ ဒူဘိုင်းမှာ မိတ်ကပ်သင်တန်းဖွင့်ချင်တဲ့ ဆန္ဒကိုအကောင်အထည်ဖော်နိုင်ရန်အတွက် သူတို့စုံတွဲဟာ ဒူဘိုင်းကိုပြောင်းရွှေ့ခဲ့ကြပါတယ်။ သူတို့ရဲ့အံ့အားသင့်ဖွယ်ကောင်းတဲ့ကံကြမ္မာက အချစ်ရေးမှာကံမကောင်းသူတွေအတွက် အတုယူစရာ ဥပမာကောင်းတစ်ခုဖြစ်ခဲ့ပါတယ်။
Read More: ဈေးဝယ်စင်တာအတွင်းမှာမင်္ဂလာပွဲပြုလုပ်ခဲ့ကြတဲ့စုံတွဲ
Translator – Nyi Min Khant
Source – The Independent