အသက် ၃၄ နှစ်အရွယ်မှာတင် ဆုံးပါးသွားခဲ့ရတဲ့ သနားစရာကောင်းတဲ့အမျိုးသမီးတစ်ဦးဟာ ကျန်ရစ်ခဲ့တဲ့အမျိုးသားအတွက်
နှစ်စဉ်နှစ်တိုင်းဖတ်ရှုလို့ရမယ့် မွေးနေ့ဆုတောင်းစာတွေကိုသူ့ရဲ့ကိုယ်ပိုင်လက်ရေးနဲ့ ရေးသားပေးခဲ့ပါတယ်။
ဒေါက်တာ ကိတ်ဂရန်ဂျာ လို့ခေါ်တဲ့အဆိုပါအမျိုးသမီးဟာ ယော့ခ်ရှိုင်းယားအနောက်ဘက်ဒေသမှာနေထိုင်ပြီး MBE ဘွဲ့ရရှိထားတဲ့ဆရာဝန်တစ်ယောက်ဖြစ်ပါတယ်။ ၂၀၁၁ ခုနှစ်သြဂုတ်လမှာတော့ ဒေါက်တာဂရန်ဂျာဟာ အင်မတန်မှရှားပါးပြီးဖြစ်ခဲတဲ့ Desmoplastic small-round-cell tumour လို့ခေါ်တဲ့ ၀မ်းဗိုက်အတွင်းမှာဖြစ်ပွားတဲ့ ကင်ဆာရောဂါကို စတင်ခံစားခဲ့ရပါတယ်။
ဇူလိုင် ၂၃ရက် ၂၀၁၆ ခုနှစ်မှာတော့ ဒေါက်တာဂရန်ဂျာဟာ အဆိုပါကင်ဆာရောဂါနဲ့ပဲ ဆုံးပါးသွားခဲ့ရပါတယ်။ သူမဟာ မဆုံးပါးခင်မှာပဲ သူမရဲ့ကိုယ်ပိုင်လက်ရေးနဲ့ သူမအမျိုးသားအတွက် နှစ်စဉ်နှစ်တိုင်းဖွင့်ဖတ်လို့ရမယ့် မွေးနေ့တိုင်းအတွက် ဆုတောင်းစာလေးတွေကို ရေးသားပြီး ဘယ်နှခုနှစ်မှာတော့ ဘယ်စာစောင်ကိုဖွင့်ဖတ်ရမယ်ဆိုတာကိုပါ အသေးစိတ်ညွှန်ပြပေးခဲ့ပါတယ်။
ဧပြီ ၁၁ ရက်နေ့ ဒေါက်တာဂရန်ဂျာရဲ့အမျိုးသားဖြစ်သူ ခရစ်ပွိုင်တန်ရဲ့ ၄၁ နှစ်ပြည့်မွေးနေ့မှာတော့ သူမရဲ့အမျိုးသားအတွက်နောက်ဆုံးစာစောင်အဖြစ်ရေးပေးခဲ့တဲ့ မွေးနေ့ဆုတောင်းစာကို ခရစ်က ဆိုရှယ်မီဒီယာတစ်ခုဖြစ်တဲ့ Twitter မှာပုံနှင့်တကွဖော်ပြခဲ့ပါတယ်။ အဆိုပါဆုတောင်းစာမှာတော့
“ကျွန်မရဲ့အချစ်ရဆုံး ခင်ပွန်းရေ၊ အခုတော့အသက် ၄၀ ကျော်သွားပြီပေါ့၊ ခေါင်းမှာကော ဆံပင်တွေရှိသေးရဲ့လား၊ ကျွန်မရှင့်ကိုအရမ်းချစ်တယ်၊ အမြဲတမ်းလည်းချစ်နေမယ်” ဆိုပြီး ဒေါက်တာဂရန်ဂျာက ရေးသားခဲ့ပါတယ်။
မစ္စတာ ပွိုင်တန်ကတော့ သူ့ရဲ့ဇနီးသည်ဆုံးပါးပြီး ၂ နှစ်အကြာမှာ ဒီစာကိုဖွင့်ဖတ်လိုက်ရတဲ့အချိန်မှာ ၀မ်းနည်းခြင်းများနဲ့အတူ သတိရမိသလို သူ့အပေါ်မှာ အရမ်းချစ်တဲ့ဇနီးသည်တစ်ယောက်ကို ရရှိခဲ့တဲ့အတွက်တော့ ၀မ်းသာမိတယ်လို့ဆိုပါတယ်။ ဆက်လက်ပြီး မစ္စတာ ပွိုင်တန်က
“ကျွန်တော့်ရဲ့ချောမောလှပပြီး လေးစားစရာကောင်းတဲ့ချစ်ဇနီးသည်ဆီက ဒီလိုမွေးနေ့ဆုတောင်းစာမျိုးကိုရရှိခဲ့ပါတယ်၊ သူမဟာ ကျွန်တော်နဲ့အမြဲတမ်းအတူရှိနေပေးခဲ့ပြီး အခုမရှိနိုင်တော့တဲ့အချိန်မှာတောင် ကျွန်တော့်အတွက် အမှတ်တရလေးတွေကိုဖန်တီးပေးခဲ့ပါသေးတယ်၊ ကျွန်တော်သူ့ကိုအရမ်းသတိရတယ်၊ မင်းငါ့အတွက် ဂုဏ်ယူမယ်လို့မျှော်လင့်ပါတယ် ငါ့ရဲ့နတ်ပြည်ရောက်နေတဲ့ နတ်သမီးလေးရေ” လို့ရေးသားဖော်ပြခဲ့ပါတယ်။
Source – The Independent
Translator – Nyi Min Khant