ရခိုင်လူမျိုးများသည် ယဉ်ကျေးမှုနှင့် ယုံကြည်ကိုးကွယ်မှုတွင် အစဉ်အလာကြီးမားကြသည်။
ထေရ၀ါဒ ဗုဒ္ဓဘာသာကို ကိုးကွယ်သူများကြသည်။
ဝတ်စားဆင်ယင်မှု ဓလေ့ထုံးစံအနေဖြင့် ရခိုင်အမျိုးသားသည် ပ၀ါစကို နဖူးတွင် စည်းနှောင်ထားပြီး ရင်ဖုံးတိုက်ပုံကို ရိုးရာပုဆိုးနှင့် တွဲဖက်ဝတ်ဆင်၍လည်းကောင်း၊ ရခိုင်အမျိုးသမီးသည် ဇာပ၀ါကို ရင်စလွယ်သိုင်းပြီး ကော်လာမဲ့ရင်စေ့ လက်ရှည်အင်္ကျီကို ရိုးရာလုံချည်နှင့် တွဲဖက်ဝတ်ဆင်၍လည်းကောင်း လိုက်နာဝတ်ဆင်ခဲ့ကြသည်။
ထိမ်းမြားမင်္ဂလာပြုပေးရခြင်းသည် မိဘတို့၏ ၀တ္တရားဖြစ်ကြောင်း ရခိုင်လူမျိုးများက ခံယူကျင့်သုံးခဲ့ကြသည်။ အပျို၊ လူပျို ချစ်ကြိုက်၍ အိမ်ထောင်ပြုရန် ဆုံးဖြတ်သည်ဖြစ်စေ၊ မိဘများအနေဖြင့် အိမ်ထောင်ဖက် ရွေးချယ်ပေးရသည်ဖြစ်စေ၊ ရခိုင်ရိုးရာအရ ပွဲတင်သည် ဟုခေါ်သော စေ့စပ်လမ်းကြောင်းခြင်းကို ဦးစွာ ပြုလုပ်ကြရသည်။
သားရှင်နှင့် သမီးရှင်မိဘတို့ အပြန်အလှန် စုံစမ်းပြီးမှသာ နှစ်ဖက်သဘောတူလျှင် ယောက်ျားလေးမိဘများက ရပ်ရွာလူကြီးများကို ဖိတ်ခေါ်၍ စေ့စပ်ကြောင်းလမ်းရန် မိန်းကလေးအိမ်သို့ သွားကြသည်။
လူကြီးစုံရာတွင် နှစ်ဖက်ဗေဒင် ဆရာများက နေ့နံသင့်မသင့် တွက်ချက်ခြင်းလည်းပါဝင်သည်။ အဆင်ပြေ၍ လက်ထပ်ရန် ရက်သတ်မှတ်ပြီးလျှင် မင်္ဂလာ ၀တ်စုံ၊ အိပ်ရာခြင်ထောင်များစသည်တို့ကို ကြိုတင်ချုပ်လုပ်ထားခြင်း၊ နေ့သင့်နံသင့် လူပျိုရံ၊ အပျိုရံများကို ရွေးချယ်ထားခြင်းတို့ကို ပြုလုပ်ကြသည်။
မင်္ဂလာဆောင်မည့် နံနက်အာရုဏ်တက်အချိန်၌သတို့သား၊ သတို့သမီးတို့ အိမ်တွင် ဘုန်းကြီးဆွမ်းကပ်၊ မင်္ဂလာတရားနာ၊ ဘိုးဘွားလူကြီးမိဘတို့ကို ကန်တော့ခြင်း၊ နံ့သာရည်ဖြင့် ပက်ဖြန်းခြင်း တည်းဟူသော မင်္ဂလာမြှောက်ခြင်းကို ပြုလုပ်ကြသည်။
ထို့ပြင် သတို့သမီးအိမ်တွင် မင်္ဂလာလက်ဆုံထမင်းပွဲ ကျင်းပပေးရသည်။ ဟင်းလျာတွင် အူစုံ၊ အသည်းစုံ အင်္ဂါစုံ၊ အကျိုးအပဲ့ အနာအဆာမရှိသော အသားဟင်းပါရသည်။
လက်ထပ်ပွဲနေ့လည်ပိုင်းတွင် ဖိတ်ကြားထားသော သူငယ်ချင်း အပျိုမများက လက်ဖွဲ့လာပေးကြ၍ သတို့သမီးအတွက် အဖော်အဖြစ် နေပေးကြခြင်းကို သမီးစောင့်ပွဲဟု ခေါ်ကြသည်။
မင်္ဂလာအချိန် ကျရောက်သောအခါ သတို့သားနှင့် ပရိသတ်က သတို့သမီးအိမ်သို့ စီတန်း၍ သွားကြခြင်းကို သမက်တက်ပွဲဟု ခေါ်ကြသည်။ သတို့သမီးအခန်းသို့ ရောက်သည်အထိ လမ်းတစ်လျှောက်လုံး ရွှေကြိုး၊ ငွေကြိုးတား၍ တပျော်တပါး ငွေတောင်းကြသူများရှိသည်။ အကယ်၍ သျှောင်မျက်နှာဖုံးဆောင်းကြရလျှင် သတို့သမီး၏ သျှောင်ကို ဖွင့်ရန်အတွက် မျက်နှာဖုံးဖွင့်ကြေးပေးရလေ့ရှိသည်။
နှစ်ဖက်မိဘများသို့ မောင်နှံစုံကန်တော့ပြီးလျှင် လင်မယားအရာ မြောက်ပြီဖြစ်သည်။
ရန်ကုန်မြို့တွင် ရခိုင်ရိုးရာမင်္ဂလာဆောင်အတွက် ရခိုင်သဟာယအသင်း၊ ရခိုင်အမျိုးသမီး ဓည၀တီအသင်းနှင့် ရခိုင်မောင်မယ်အသင်း စသည်တို့က အကူအညီပေးနိုင်ပါသည်။
အများစုသည် အချိန်အကန့်အသတ်ရှိသော ဟိုတယ်ခန်းမတွင် မင်္ဂလာပွဲပြုလုပ်ကြသည်။ သတို့သားနှင့် သတို့သမီးအတွက် အရံနှစ်ယောက်စီထားပေးသည်။
စင်ပေါ်သို့လျှောက်လာလျှင် မင်္ဂလာပန်းကြဲသူ၏နောက်တွင် ပွဲ၏ထိပ်ခေါင်ဟု ဆိုအပ်သော သျှောင်ကိုင်သူတစ်ဦးက ရှေ့မှနေ၍ သတိကြီးစွာ ဦးဆောင်ပါသည်။ ပြီးမှ အောင်သပြေအိုး (အညွန့်အိုး) ၂ အိုး ကိုင်၊ ယပ်ကိုင်၊ ဒါးကိုင်နှင့် ဖျာကိုင်သူတို့က လိုက်ပါလာကြသည်။
မင်္ဂလာမောင်နှံ၏ နောက်တွင် မိရင်းဖရင်း (အညွန့်ရှိသူဆိုလိုသည်)။ အဖိုးအဖွားနှင့် ဆွေမျိုးတစ်သိုက်ကြီး လိုက်ပါကြရသည်။ မင်္ဂလာစင်ပေါ် မတက်ခင် သတို့သမီး၏ညီမဖြစ်သူက သတို့သား၏ခြေထောက်ကို ရေနှင့်ဆေးပေးခြင်း၊ ရွှေကြိုးနှင့်တား၍ မင်္ဂလာငွေကြေး လက်ဆောင်တောင်းခံခြင်း၊ ပြီးမှ စင်ပေါ်ရောက်သည်။
ထို့နောက် မင်္ဂလာမောင်နှံကို ရေတိုက်ခြင်း၊ သျှောင်ဆောင်းပေးခြင်း စသည့် အစီအစဉ်ပေါင်း (၁၈) ခုမျှ ပြုလုပ်ကြ၍ ပွဲကြည့်ရသလို ဧည့်ပရိသတ်များ ခံစားကြရသည်။ မင်္ဂလာအခမ်းအနားမှူးက မြန်မာလိုနှင့် ရခိုင်လိုပြောပေးသည်။ ထင်ရှားသော ရခိုင်အခမ်းအနားမှူးတို့မှာ ဓည၀တီ ဦးသန်းမောင်၊ ဒေါ်ခင်စောတင့်နှင့် လေးဝတီ ဦးထွန်းဝင်းတို့ဖြစ်ကြ သည်။
ဖိတ်ကြားထားသော ဂုဏ်သရေရှိ မောင်နှံတို့မှ မင်္ဂလာအောင်စံပယ်ကုံး၊ မင်္ဂလာလက်စွပ် ဆင်မြန်းကြသည့်အပြင် မင်္ဂလာမောင်နှံတို့၏ လက်ပေါ်သို့ ပရိတ်ရေဖျန်း၍ ဆုတောင်းပေးခြင်းနှင့် အညွန့်ရှင်တို့က ချည်မန်း ၉ ပတ်ပတ်၍ မင်္ဂလာပြု ကြသည်။
ဧည့်ခံကျွေးမွေးရာတွင် ရခိုင်ကြာဆံသုပ် ပါလေ့ရှိသည်။ ရိုးရာဝတ်စံငှားရမ်း (သို့) ချုပ်လုပ်ရာတွင် ရခိုင်အသင်းများက ကူညီပေးသည်။