အိမ်ထောင်တစ်ခုကို ထူထောင်လိုက်ပြီဆိုတာနဲ့ လက်တွဲဖော်နဲ့အတူ ဘဝကို အတူတူရုန်းကန်ရတော့မှာပါ။
အရင်က ဘယ်လောက်ပဲ ရွှေလင်ပန်းနဲ့ အချင်းဆေးခဲ့ပါစေခုချိန်မှာတော့ကိုယ့်ဘဝကိုယ်ကျောင်းပြီး နောင်လာမယ့် မျိုးဆက်သစ်တွေအတွက်ပါ စဉ်းစားရတော့မှာဖြစ်ပါတယ်။ အိုးအိမ်သစ်ထူထောင်တော့မယ့် ညားခါစဇနီးမောင်နှံတွေအနေနဲ့ အိမ်ခွဲနေတော့မယ်ဆိုရင် မဖြစ်မနေသိထားရမယ့်အကြောင်းအရာလေးတွေကို ဖော်ပြပေးလိုက်ပါတယ်။
(၁) ပိုက်ဆံစုပါ
အိမ်ခွဲနေတော့မယ်ဆိုရင် တစ်ယောက်ရဲ့ဝင်ငွေကို တစ်ယောက်ကောင်းကောင်းသိပြီး တစ်ယောက်နဲ့တစ်ယောက် သေသေချာချာ ဆွေးနွေးရမှာဖြစ်ပါတယ်။ တစ်လအတွင်းသုံးမယ့် ငွေကြေးပမာဏကို သေသေချာချာ စီမံတွက်ချက်ပြီးလတိုင်း ဒါမှမဟုတ် ပိုက်ဆံရတိုင်း အနည်းငယ်ပဲဖြစ်ဖြစ် စုဖြစ်အောင်စုပါ။ တစ်နှစ်အတွင်းဘယ်လောက်စုမယ် ဆိုတာကအစ သတ်မှတ်ထားပါ။ တတ်နိုင်သမျှ အကြွေးလုံးဝမထားပါနဲ့။
(၂) ဈေးကြီးတဲ့နည်းနဲ့ချိန်းမတွေ့ပါနဲ့
သောကြာညတွေမှာ အပြင်သွားပြီး စားသောက်ဆိုင်မှာ စားသောက်မှာထက်စာရင် အိမ်မှာကိုယ်တိုင်ချက်ပြုတ်ဖို့ စီစဉ်ပါ။ တစ်ခါတလေ ရုပ်ရှင်တွေ၊ ကစားကွင်းတွေသွားချင်ရင်တောင် သွားတဲ့အခေါက်ကို လျှော့ချလိုက်ပါ။ ခရီးသွားတဲ့အခါမှာလည်း ပြည်တွင်းထဲက ဈေးသက်သာတဲ့နေရာကို ရွေးချယ်ပါ။ ဒါဆိုရင် တစ်ယောက်နဲ့တစ်ယောက် သံယောစဉ်တွေလည်း ပိုတိုးမယ့်အပြင် ငွေကြေးပြသနာတွေ၊ မပြေလည်တာတွေလည်း ဖြစ်တော့မှာ မဟုတ်ပါဘူး။
(၃) အိမ်ကိုသေချာရွေးချယ်ပါ
အိမ်ခွဲမနေခင်မှာ ကိုယ်နေမယ့်အိမ်ကို သေသေချာချာအချိန်ပေးပြီး ကြည့်ရှုစစ်ဆေးသင့်ပါတယ်။ အိမ်ငှားခ ဒါမှမဟုတ် အိမ်ဈေးနှုန်း၊ မီး၊ ရေ၊ အိမ်သာ အဆင်ပြေလား၊ ပတ်ဝန်းကျင်အဆင်ပြေမလား၊ အထဲမှာ ဘယ်လိုအသုံးအဆောင်ပစ္စည်းတွေလိုမလဲ၊ ဘယ်အရာတွေမလိုဘူးလဲဆိုတာ သေသေချာချာ အချိန်ပေးပြီး ကြည့်ရှုသင့်ပါတယ်။ ကိုယ်ပြောင်းနေမယ့်အိမ်မှာ သိပ်မလိုတဲ့အပိုပစ္စည်းတွေကိုတော့ ထားခဲ့လိုက်တာအကောင်းဆုံးပါပဲ။
(၄) စာရင်းလုပ်ပြီးမှဈေးသွားပါ
ဈေးသွားတဲ့အခါမှာလည်း တွေ့တာအားလုံး၊ စိတ်ထဲမှာပေါ်လာသမျှကို ဝယ်တာမျိုးမလုပ်ပဲ တကယ်လိုအပ်တဲ့ပစ္စည်းတွေကို စာရင်းလေးနဲ့ သေသေချာချာရေးမှတ်ထားပါ။ ဝယ်တဲ့အခါမှာလည်း ဈေးဆစ်လို့ရရင် ရသလောက်ဆစ်ပါ။ ဒါဆိုရင်တော့ အပိုပစ္စည်းတွေမဝယ်မိတော့ပဲ ငွေပိုငွေလျှံတွေထွက်ခြင်းမှ ကာကွယ်နိုင်မှာဖြစ်ပါတယ်။
(၅) နှစ်ကိုယ်ကြားက ပြဿနာတိုင်းကို မိဘ၊ သူစိမ်းတွေကို မပြောပါနဲ့
နှစ်ယောက်တည်း အိမ်ခွဲနေတဲ့အခါ ပြဿနာတွေ အမျိုးမျိုးရှိလာနိုင်ပါတယ်။ ဒါပေမယ့်လည်း အသေးအမွှားကိစ္စလေးတွေမှာ မိဘတွေကိုသွားသွားတိုင်တာမျိုး၊ ထစ်ခနဲရှိ အိမ်ပေါ်ကဆင်းတာမျိုးလုံးဝမလုပ်ပါနဲ့။ သင်တို့နှစ်ယောက်တည်း တစ်ဘဝထူထောင်ခဲ့ပြီးဖြစ်တာကြောင့် သင်တို့ကြားက ပြသနာအဝဝကို တတ်နိုင်သမျှ သင်တို့ကိုယ်တိုင်ဖြေရှင်းပါ။ ဒါတင်မကသေးပါဘူး၊ တစ်ဦးနဲ့တစ်ဦးကြားက သည်းခံမှု၊ စာနာမှု၊ နားလည်မှု၊ သစ္စာခိုင်မြဲမှုတို့ကို အရင်ကထက် ပိုပြီးတည်ဆောက်ထိန်းသိမ်းဖို့ လိုတယ်ဆိုတာ သတိရပါ။
Credit;Aunty May